ကချင်ပြည်နယ် မိုင်းခေါင်နားမှာ အစိုးရနဲ့ KIA တိုက်ပွဲဖြစ်

ဓာတ်ပုံ ရင်းမြစ်, AFP
ကချင်ပြည်နယ်တောင်ပိုင်း မံစီမြို့နယ် မိုင်းခေါင်ရဲ့ အရှေ့ဘက် ၂မိုင် ၃မိုင် အကွာမှာ ရှိတဲ့ လိုင်ကာ ဆွပ်ဂျာ ရွာနားမှာ အစိုးရ တပ်မတော်နဲ့ KIA ကချင်လက်နက်ကိုင်အဖွဲ့အကြား မေလ ၂၂ရက်နေ့ မနက်က တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
တပ်ရင်း ၂၃၇လို့ ယူဆရတဲ့ တပ်မတော် စစ်ကြောင်း ချီတက်လာရာမှာ KIAတပ်ဖွဲ့ဝင်တွေနဲ့ ရင်ဆိုင်တွေ့ရာကနေ တိုက်ပွဲ ဖြစ်ခဲ့တာလို့ KIO အဖွဲ့ရဲ့ လိုင်ဇာ သတင်းဌာန တာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘူ က ဘီဘီစီကို ပြောပြပါတယ်။
လောလောဆယ် ထိခိုက်သေဆုံးမှု သတင်း အတိအကျတော့ မရသေးဘူးလို့ ဆိုပါတယ်။
အဲဒီနေရာကို တပ်မတော်သားတွေ တပ်စွဲထားလိုက်ပြီလို့ ယူဆရကြောင်းနဲ့ အဲဒီသတင်း မှန်ရင်တော့ အခြေအနေတွေ တင်းမာနေတယ်လို့ ပြောရမှာ ဖြစ်ပြီး နောက်ထပ် တိုက်ပွဲတွေ ထပ်ဖြစ်လာဖို့ ရှိတယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အစိုးရ တပ်မတော်ဘက်က တိုက်လေယာဉ်တွေ သုံးပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။
အခုလောလောဆယ် လေကြောင်း တိုက်ခိုက်မှုတွေကတော့ မရှိတော့ဘူးလို့ သိရပါတယ်။




