၂၁ ရာစုပင်လုံကို ကေအိုင်အေ သံသယရှိ

ဓာတ်ပုံ ရင်းမြစ်, thetlwinoo
ကချင်ပြည်နယ်မှာ ကေအိုင်အေကို အစိုးရစစ်တပ်က တိုက်လေယာဉ် အသုံးပြုတိုက်ခိုက်နေတာကို အစိုးရသစ်က ရေငုံနှုတ်ပိတ်နေတဲ့ အတွက် တိုင်းရင်းသားတွေဘက်က စဉ်းစားစရာတွေ အများကြီး ဖြစ်လာတယ်လို့ ကေအိုင်အေ ကချင်လွတ်လပ်ရေး တပ်မတော် ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ်ဦးဒေါင်းခါးက ဘီဘီစီကို ပြောပါတယ်။
ကေအိုင်အေ အနေနဲ့ အစိုးရဆီမှာ အကူအညီတောင်းခံဖို့ မရှိဘူးလို့လည်း ဆိုပါတယ်။ အစိုးရသစ်က သိပြီးသားတွေ ဖြစ်တဲ့အတွက် အောက်ကျနောက်ကျခံ တောင်းခံတာ အယူခံဝင်တာမျိုးတွေ လုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
အစိုးရတပ်မတော်က ပြည်တွင်းစစ်မှာ တိုက်လေယာဉ်သုံးတိုက်ခိုက်နေတာကို သူတို့ရှိလို့ သူတို့ သုံးတယ်လို့ပဲ ယူဆကြောင်း၊ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း လိုက်နာတာ မလိုက်နာတာဟာ အစိုးရစစ်တပ်ရဲ့ တာဝန်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, thetlwinoo
အစိုးရစစ်တပ်ဟာ လူမှုရေးတန်ဖိုးတွေ ပြည်ထောင်စုတန်ဖိုးတွေကို နားမလည်ဘူးလို့လည်း သူကစွပ်စွဲ ပြောဆိုပါတယ်။
အခုလို တိုက်လေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် ဗမာလူမျိုးနဲ့ အစိုးရစစ်တပ် အပေါ် တိုင်းရင်းသားတွေက နာကျည်းပြီး အောင့်အည်းသည်းခံ နေကြရလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။
အစိုးရသစ်ရဲ့ ဆောင်ရွက်ပုံတွေကို ကြည့်ပြီး သူတို့ရဲ့ အနာဂတ်အတွက် စဉ်းစား ပြင်ဆင် သွားမယ်လို့ ဆိုပြီး ၂၁ ရာစု ပင်လုံ ညီလာခံ အပေါ်လည်း သံသယရှိကြောင်း ကေအိုင်အေ ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ် ဦးဒေါင်းခက ပြောပါတယ်။




