ဖားကန့် ရဲစခန်း တခု လက်ပစ်ဗုံးနဲ့ ပစ်ခံရ

ကချင် ပြည်နယ် ဖားကန့်မှာ ကေအိုင်အေ တပ်ရင်း ၆ နဲ့ အစိုးရ စစ်တပ်တိုက်ပွဲတွေ ကြိုးကြားကြိုးကြား ဖြစ်နေပါတယ်။
မေလ ၉ ရက်ညက ရဲစခန်း တခုကို လက်ပစ်ဗုံးနဲ့ပစ်ခတ် ခံရလို့ ဝန်ထမ်း လိုင်းခန်း မီးလောင် သွားခဲ့ပါတယ်။
ဖားကန့်မြို့နယ် ထဲက ဆိုင်းတောင် ရဲစခန်းကို ည ၁ဝ နာရီဝန်းကျင်က လက်ပစ်ဗုံးနဲ့ ပစ်ခတ် ခံခဲ့ရပါတယ်။
လူသေမှု ရှိတယ် လို့ သတင်းတွေ ထွက်နေလို့ ဖားကန့် မြို့မ ရဲစခန်းကို ဘီဘီစီက ဆက်သွယ် ကြည့်တော့ တာဝန်ကျ ရဲဝန်ထမ်းက လုံခြုံရေးတွေ အထိအခိုက် မရှိကြောင်း ဖြေကြားပါတယ်။
ဖားကန့် ဒေသခံတွေကတော့ ဒီရက်ပိုင်း တိုက်ပွဲတွေကြောင့် ကြောက်ရွံ့ ထိတ်လန့်နေကြရတယ် လို့ ဒေသခံ ကိုဇော်မိုးထက်က ပြောပါတယ်။
ဖားကန့် လုံးခင်း နဲ့ ဆိုင်းတောင် စတဲ့နေရာတွေမှာ စစ်တပ်နဲ့ ရဲပေါင်းပြီး မြို့ အဝင်အထွက် ဂိတ်တွေမှာ တဦးချင်း အသေးစိတ် စစ်ဆေးနေတယ် လို့လည်းသိရပါတယ်။
မေလ ၈ ရက်နေ့ကလည်း ဖားကန့်မြို့ပေါ်နဲ့ အနီးတဝိုက် ဗုံးတွေကွဲခဲ့သလို လက်နက်ကြီးကျည်တွေ ကျခဲ့တာကြောင့် အမျိုးသမီးတဦး ပေါင်မှာ သေနတ် ထိမှန်ခဲ့ပါသေးတယ်။
ကချင်ပြည်နယ်တွင်း လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ အစိုးရ တပ်မတော်က နယ်မြေစိုးမိုးဖို့ နယ်မြေ ထိန်းချုပ်ဖို့ ကြိုးစား လို့ ဖြစ်နေတာ လို့ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် ရဲ့ ပြောခွင့်ရ ကိုဟင်နရီ က ဘီဘီစီကို ပြောပါတယ်။
အစိုးရ စစ်တပ်ဟာ ကေအိုင်အေရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်ဖို့နဲ့ ကေအိုင်အေ အင်အားချိနဲ့ သွားဖို့အတွက် နည်းမျိုးစုံနဲ့ ဆောင်ရွက်နေတာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ဖားကန့်မှာ ဖြစ်ပွားနေတဲ့ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့တော့ သူမသိကြောင်း လည်း ကိုဟင်နရီက ငြင်းဆိုပါတယ်။








