ဖားကန့်မှာ မြေစာပုံပြိုတာ ထပ်ဖြစ်လို့ လူတွေ သေဆုံးပြန်

ဓာတ်ပုံ ရင်းမြစ်, AFP
ဖားကန့်မြို့နယ် စိုင်းတောင်နဲ့ စပေါ့ရွာကြားက တစ်သုံးလုံးကုမ္ပဏီ ကျောက်စိမ်း လုပ်ကွက်မှာ ကြာသပတေးနေ့ည ၉နာရီကျော်က မြေစာပုံပြိုကျလို့ ရေမဆေးကျောက်ရှာသူ အနည်းဆုံး ၁၃ ဦးသေဆုံး ခဲ့တယ်လို့ ဒေသခံ ရဲတပ်ဖွဲ့ က ပြောပါတယ်။
နောက်နေ့မနက်ကျ မှ ပြိုတဲ့နေရာကို မီးသတ် ၊ရဲနဲ့ ကယ်ဆယ်ရေးလုပ်သားတွေ တူးဖေါ်ရှာနိုင်ခဲ့ပြီး လူသေ အလောင်း ၁၃ လောင်း တွေ့ရှိခဲ့ပါတယ်။
ဒီအမှု ကို သေမှုသေခင်းနဲ့ဘဲ အမှုဖွင့်ထားတယ်လို့ ဖားကန့်ရဲစခန်း က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်း ကလည်း ဖားကန့် မှာ မြေစာပုံပြိုကျလို့ လူ ၁၂၀ နီးပါး သေဆုံးခဲ့ရသလို ဒီမြေစာပုံ ပြိုကျတာတွေ က မကြာမကြာ ဖြစ်နေပြီး လူတွေ ရဲ့အသက်တွေ ခဏခဏ ဆုံးရှုံးနေရတာပါ။
ကုမ္ပဏီဘက်က မြေစာပုံတွေ ပုံနေတာကို မတားဆီးနိုင်သလို၊ အန္တရာယ်ရှိတဲ့ ဒီလို မြေစာပုံတွေမှာ ရေမဆေးကျောက် မရှာဖို့ သတိပေးချက်တွေလည်း မအောင်မြင်ခဲ့ပါဘူး။
နိုင်ငံတကာမှာတော့ ကုမ္ပဏီတခုနဲ့ပတ်သက်ပြီး လူအနည်းငယ် သေဆုံးတာနဲ့ ကုမ္ပဏီရဲ့ အလုပ်တွေ ကို ပိတ်ပင်တာတွေ ရှိပေမယ့် ဒီမှာ မလုပ်ကြဘူး လို့ ဖားကန့် ဒေသ က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့် က ဘီဘီစီ ကို ပြောပါတယ်။




