ရခိုင်မှာ စစ်တပ်က အဓမ္မ လုပ်အားပေး စေခိုင်း

အစိုးရ စစ်တပ်ကနေ လုပ်အားပေး ပေါ်တာနဲ့ လမ်းပြ အဖြစ် အဆွဲခံရရာကနေ လွတ်လာသူ ၃၀ ခန့်ရှိ
ဓာတ်ပုံ ပုံစာ, အစိုးရ စစ်တပ်ကနေ လုပ်အားပေး ပေါ်တာနဲ့ လမ်းပြ အဖြစ် အဆွဲခံရရာကနေ လွတ်လာသူ ၃၀ ခန့်ရှိ

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေအတွင်း ပေါ်တာနဲ့ လမ်းပြ အဖြစ် ဆွဲခေါ် ခံရတဲ့ သူတွေ အကုန်လုံး ဧပြီလ ၃၀ ရက်နေ့က မိမိတို့ ရပ်ရွာတွေကို ပြန်ရောက် ခဲ့ပါတယ်။

ရခိုင်ပြည်နယ် အတွင်း ရခိုင် တပ်မတော် AA နဲ့ အစိုးရ တပ်မတော်တို့ အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ အတွင်း အစိုးရ စစ်တပ်က ပေါ်တာဆွဲတာ၊ လမ်းပြ အဖြစ် စေခိုင်းတာတွေ ရှိနေတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါတယ်။

ဧပြီလ ၃၀ ရက်နေ့ က ရသေ့တောင်မြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာရှိတဲ့ စစ်ပြေးရှောင်ဒုက္ခသည်တွေ နေထိုင်ရာ ရွာတွေကို သွားရောက်ပြီး ကယ်ဆယ်ရေး ပစ္စည်းတွေ ပေးခဲ့တဲ့ ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က ဗောဓိကိုင်း ကျေးရွာက ရွာသား (၆) ယောက် ပေါ်တာ ဆွဲခံရတယ်လို့ ပြောပါတယ်။

အစိုးရ စစ်တပ်ကနေ လုပ်အားပေး ပေါ်တာနဲ့ လမ်းပြ အဖြစ် အဆွဲခံရရာကနေ လွတ်လာသူ ၃၀ ခန့်ရှိပြီး အဲဒီ အထဲမှာ မိုင်းထိ သေဆုံးခဲ့သူ (၁)ဦး ရှိတယ်လို့ ဦးသန်းနိုင်က ပြောပါတယ်။

သေဆုံးသူဟာ ခမီး လူမျိုး ဦးပြိုင်းအောင်နဲ့ ဒေါ်အဟုန်တို့ရဲ့သား မောင်ကျန် (၂၈) နှစ်ဖြစ်ပြီးတော့ ပုဏ္ဏားကျွန်း၊ အဝန်းတောင် ကျေးရွာကနေ ရသေ့တောင်မြို့နယ် ဗောဓိကိုင်း ကျေးရွာကို ရှင်ပြုပွဲ သွားရောက်စဉ် ပေါ်တာဆွဲခံခဲ့ရပြီး မိုင်းထိ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဗောဓိကိုင်းရွာက ရွာသား (၆)ဦး ပေါ်တာဆွဲခံခဲ့ရပြီး စစ်သားတွေက ပါလာတဲ့ ဆန်နဲ့ရိက္ခာတွေ ထမ်း ခိုင်း ခဲ့ကြောင်း၊ ခဏ လိုက်ခဲ့ပါဆိုပြီး ခေါ်သွားခဲ့ရာ က (၉) ရက်အထိ ကြာခဲ့ကြောင်း ခမီးအမျိုးသား ရွှေသာမောင် က ဘီဘီစီကို ပြောပါတယ်။

အခုလို ပေါ်တာဆွဲတာ၊ လမ်းပြခေါ်တာတွေ အပြင် စစ်ပွဲတွေကို ကြောက်လန့်ပြီး ထွက်ပြေးလာသူ ဦးရေ ထောင်ကျော် ရှိနေပြီ ဖြစ်ပါတယ်။

ဧပြီလ ၂၈ ရက်နေ့မှာလည်း ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာကို စစ်ပြေးရှောင် ရွာသား ၄၀ ခန့် ထပ်မံ ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။