နိုင်ငံတော် အတိုင်ပင်ခံ ရာထူးခေါင်းစဉ်အောက် ပထမဆုံး ကြေညာချက် ထွက်ပေါ်

_burma_political_prisoner_

ဓာတ်ပုံ ရင်းမြစ်, elvis

ဓာတ်ပုံ ပုံစာ, ဦးသိန်းစိန် သမ္မတ နေရာ မှာ ရှိတုန်း ကလည်း နိုင်ငံရေး အကျဉ်းသား တွေ ကို ပြန်လွှတ် ပေး တာတွေ လုပ်ခဲ့ ပေမယ့် အစိုးရ သက်တမ်း ၅ နှစ်တာ ကာလ အတွင်း အကြောင်း အမျိုးမျိုး နဲ့ ဖမ်းဆီး အကျဉ်းချ ခံရသူတွေ၊ ပုဒ်မ အမျိုးမျိုး တပ် တရားစွဲဆို ခံရသူ တွေ ဆက်လက် ရှိနေ ခဲ့ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ “နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်” ဆိုတဲ့ အသစ်ဖန်တီး ထားတဲ့ ရာထူး အဆင့်အတန်းကို အသုံးပြုပြီး ပထမဆုံး အကြိမ် ကြေညာချက် ထုတ်ပြန် လာတာမှာ နိုင်ငံရေး အကျဉ်းသား တွေ၊ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး အမှု ရင်ဆိုင် နေကြရတဲ့ ကျောင်းသူ/ကျောင်းသား တွေ လွတ်မြောက်ရေးကို လက်ရှိ အစိုးရက ဦးစားပေး ဆောင်ရွက် မှာ ဖြစ်တယ် လို့ ဆိုထားပါတယ်။

နိုင်ငံရေး အကျဉ်းသား တွေ အမြန်ဆုံး လွတ်မြောက်ဖို့ ဆိုရင် သမ္မတ က လွတ်ငြိမ်းခွင့် ပေးတာမျိုး နဲ့ အမှု ရင်ဆိုင် နေသူ များ အတွက် ဆိုရင်လည်း အစိုးရ ရှေ့နေ ဘက်က အမှု ရုတ်သိမ်း ပေးတာမျိုး စတဲ့ နည်းလမ်းတွေ အသုံးပြုပြီး ကြိုးစား ဆောင်ရွက် သွားမယ် လို့လည်း ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ နဲ့ ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေ ပါ ပုဒ်မတွေကို ရည်ညွှန်း ကိုးကားပြီး ပြောထားပါတယ်။

ပြီးခဲ့တဲ့ အစိုးရ လက်ထက် ဦးသိန်းစိန် သမ္မတ ရာထူး နေရာ မှာ ရှိတုန်း ကလည်း နိုင်ငံရေး အကျဉ်းသား တွေ ကို ပြန်လွှတ် ပေး တာတွေ လုပ်ခဲ့ ပေမယ့် အစိုးရ သက်တမ်း ၅ နှစ်တာ ကာလ အတွင်းမှာ တော့ မြေယာ နဲ့ အလုပ်သမား အခွင့် အရေး လှုပ်ရှားသူတွေ၊ အမျိုးသား ပညာရေး သပိတ်မှောက် ကျောင်းသား တွေ စသဖြင့် အကြောင်း အမျိုးမျိုး နဲ့ ဖမ်းဆီး အကျဉ်းချ ခံရသူတွေ၊ ပုဒ်မ အမျိုးမျိုး တပ် တရားစွဲဆို ခံရသူ တွေ ဆက်လက် ရှိနေ ခဲ့ ပါတယ်။

နိုင်ငံရေး အကျဉ်းသား တွေ ဖြစ်လာစေတဲ့ ပြည်တွင်းစစ် ပြဿနာ၊ မြေယာ ပြဿနာ နဲ့ ကျောင်းသားထု အခွင့်အရေး အပါအဝင် လူတစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့် ပြဿနာ တွေ ကို ဖြေရှင်း နိုင်မှပဲ နိုင်ငံရေး အကျဉ်းသား လုံးဝ ရှိမလာ တော့မှာ ဖြစ်တယ် လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း AAPP က ကိုဘိုကြည် က ပြောပါတယ်။