အစိုးရသစ် နိုင်ကျဉ်းလွှတ်ဖို့ AI တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, AFP
အစိုးရသစ်အနေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် Amnesty International အဖွဲ့ကြီးကမတ်လ ၂၄ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ပြီးတောင်းဆို လိုက်ပါတယ်။
ပြီးခဲ့တဲ့ (၂)နှစ်တာ ကာလအတွင်း နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ပြစ်ဒဏ်ကျခံနေရသူတွေ၊ အမှုရင်ဆိုင်နေရသူဦးရေဟာ ပိုမိုများပြားလာနေပြီး သူတို့တွေကို ပြစ်ဒဏ်ကနေ ချက်ချင်းလွှတ်ပေးရေးကို အစိုးရသစ်က ဦးစားပေးကိုင်တွယ်ဖြေရှင်းသင့်တယ်ဆိုပြီး အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် Amnesty International အဖွဲ့ကနေ ပြောလိုက်တာ ဖြစ်ပါတယ်။
Amnesty International အဖွဲ့က မြန်မာနိုင်ငံဆိုင်ရာသုတေသနပြုသူ Laura Haigh က လက်ရှိ အစိုးရဟာ နိုင်ငံရေးအကျဉ်းသားတွေကို ပြစ်ဒဏ်ကနေ လွှတ်ပေးဖို့ အချိန်ရှိပါသေးတယ်။
ဒါပေမယ့်သူတို့က မလုပ်နိုင်ဘူးဆိုရင်တော့ NLD အစိုးရသစ်အနေနဲ့ ဖြေရှင်းရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။ NLD အနေနဲ့ အကျဉ်းသားတွေ လွှတ်ပေးဖို့ အစိုးရ တာဝန်စယူတာနဲ့ အမြန်ဆုံးကိုင်တွယ်ဖြေရှင်းဖို့ ဦးစားပေးစေလိုတယ်လို့ ပြောပါတယ်။
ဖိနှိပ်မှုရှိတဲ့ ဥပဒေယန္တရားတွေ ဆက်ရှိနေသလို တရားစီရင်ရေးပိုင်းက တာဝန်ရှိသူတွေကလည်း ဒါတွေကို ဆက်လက်ကျင့်သုံးနေဆဲ ဖြစ်ပါတယ်။
နိုင်ငံရေးအရ ထောင်ချခံထားရသူတွေ တရားရင်ဆိုင်နေရသူတွေဟာ ဆန္ဒပြမှုတစ်ခုတည်းကို ခွင့်ပြုချက်မတင်လို့ ဆိုပြီး မြို့နယ်တစ်ခုချင်းစီက ပုဒ်မတွေတပ် တရားစွဲဆိုတာမျိုးတွေ ရှိသလို လွတ်လပ်စွာ ပြောဆို စုဝေးခွင့်နဲ့ ပတ်သက်လို့လဲ ဖမ်းဆီးထောင်ချမှုတွေဆက်ရှိနေတယ်လို့ Amnesty International အဖွဲ့က ပြောပါတယ် ။
ဖိနှိပ်တဲ့ ယန္တရားတွေ အားပျော့စေတဲ့ဥပဒေတွေ ကို ချက်ချင်းပြောင်းဖို့ဆိုတာ မဖြစ်နိုင်သေးပေမယ့် အဲဒါတွေကို အစားထိုးဖို့ နိုင်ငံတကာစံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ တရားစီရင်ရေးစနစ်တွေ မရှိသေးဘူးလို့လည်းပြောပါတယ်။
ဒီဖိနှိပ်မှုရှိတဲ့ ဥပဒေတွေကို အနာဂတ်မှာ တရားစီရင်ရေးပိုင်းက ပြင်ဆင်ပြီး လက်တွေ့ကျင့်သုံးဖို့ မျှော်လင့်တယ်လို့ Amnesty International အဖွဲ့က Laura Haigh က ဆက်လက် ပြောကြားပါတယ်။
လက်ရှိမှာ ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်သား အယောက် (၉၀)ကျော် ရှိနေပြီး အမှုရင်ဆိုင်နေရသူ (၄၀၀)ကျော် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ AAPP တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည်က ဘီဘီစီကို ပြောပါတယ်။
ဒီထဲမှာ ပညာရေး ဥပဒေ ပြုပြင်ဖို့ ဆန္ဒပြ တောင်းဆို ခဲ့တဲ့ ကျောင်းသားတွေ၊ အလုပ်သမား လယ်သမား အခွင့်အရေး တောင်းဆိုတဲ့ စက်ရုံအလုပ်သမား နဲ့ လယ်သမားတွေ ပါဝင်ပါတယ်။
Amnesty International အဖွဲ့ရဲ့အစီရင်ခံစာကို လူ့အခွင့်အရေးသမားတွေ တက်ကြွလှုပ်ရှားသူတွေ ရှေ့နေတွေ နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို တွေ့ဆုံမေးခဲ့ပြီး အခုလို သတင်းစာရှင်းလင်းပွဲ ပြလုပ် တောင်းဆို ခဲ့တာ ဖြစ်ပါတယ်။








