အရပ်သား သမ္မတကို ပြည်တွင်းပြည်ပက ကြိုဆို

Newely elected President of Burma, U Htin Kyaw
ဓာတ်ပုံ ပုံစာ, သမ္မတသစ် အရွေးခံရသူ ဦးထင်ကျော်ဟာ ဒေါ်စုက ယုံကြည်သူ တစ်ဦးဖြစ်

မြန်မာ သမ္မတသစ် အဖြစ် ဦးထင်ကျော်ကို မဲပေး ရွေးချယ် အပြီးမှာပဲ ပြည်တွင်း ပြည်ပက ဝမ်းသာ ဂုဏ်ယူကြောင်း တုံ့ပြန်မှုတွေ ချက်ချင်း ဆိုသလို ပေါ်ထွက်လာခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ဝမ်းမြောက်ကြောင်း ထုတ်ဖော် ပြောဆိုပါတယ်။

အန်အယ်လ်ဒီ ပါတီကနေ ခွဲထွက်ပြီး ပါတီသစ် ထူထောင်ခဲ့တဲ့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီက မြန်မာ နိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော် အတွင်း ပထမဆုံး အကြိမ် ပြည်သူ့ ကိုယ်စားပြု အရပ်သား သမ္မတ ပေါ်ထွန်းလာတာကို ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

ဒါဟာ ၁၉၈၈ ခုနှစ် က စတင်ခဲ့တဲ့ ဒီမိုကရေစီ မျှော်လင့်ချက်ရဲ့ အသီး အပွင့်ကို စတင် ခံစားရတာ ဖြစ်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးမှာ သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရနဲ့ အတူ ပြည်သူ တစ်ရပ်လုံး ပူးပေါင် ပါဝင်ကြဖို့လည်း တိုက်တွန်း ထားပါတယ်။

နိုင်ငံတကာ ဘက်မှာတော့ ခေါင်းဆောင်တွေ ထဲမှာ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်းက နှစ်ပေါင်း ၅၀ ကျော် အတွင်း ပထမဆုံး အကြိမ် ဒီမိုကရေစီနည်း အရ သမ္မတ ရွေးကောက် တင်မြှောက် နိုင်ခဲ့တဲ့ မြန်မာ ပြည်သူလူထု အတွက် ဝမ်းသာ ဂုဏ်ယူတဲ့အကြောင်း သူ့ရဲ့ တွစ်တာ လူမှု ကွန်ရက် စာမျက်နှာမှာ ရေးထားပါတယ်။

ဦးထင်ကျော်နဲ့ အတူ လက်တွဲ အလုပ်လုပ်သွားမယ်လို့ မျှော်လင့်ကြောင်းလည်း မစ္စတာ ကမ်မရွန်းက ဆိုပါတယ်။

တခါ အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယ နိုင်ငံ တို့ကလည်း သမ္မတသစ် တင်မြှောက်နိုင်မှု အတွက် ဂုဏ်ယူ ကြောင်း ထုတ်ဖော် ပြောကြ ပါတယ်။

မြန်မာ နိုင်ငံမှာ ပေါ်ထွန်းလာတဲ့ အစိုးရသစ်နဲ့ အရှိန်အဟုန် မြှင့်ပြီး ပိုမို ပူးပေါင်း ဆောင်ရွက် သွားနိုင်ဖို့ မျှော်လင့်တယ်လို့ တရုတ် နိုင်ငံခြားရေး ဌာန ပြောခွင့်ရပုဂ္ဂိုလ် Lu Kang က ပြောကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

မြန်မာ နိုင်ငံနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ထားဖို့ မူဝါဒကို တရုတ် အစိုးရက ဆက်လက် ထိန်းသိမ်း မှာ ဖြစ်ပြီး မြန်မာ နိုင်ငံ တည်ငြိမ် အေးချမ်းဖို့ ဆောင်ရွက် နေတာတွေ၊ တိုးတက် ဖွံ့ဖြိုးရေး လုပ်ငန်းတွေ နဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ် တွေမှာ ကူညီ ပံ့ပိုး သွားမယ် လို့လည်း တရုတ် နိုင်ငံခြားရေး ဌာန က ပြောပါတယ်။

အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် နရိန်ဒရာ မိုဒီ ကလည်း သမ္မတသစ် ဦးထင်ကျော် အတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်းနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားဖို့ ဆန္ဒ ရှိကြောင်း ပြောပါတယ်။