မတ်လ၁၀၊ လွှတ်တော်မှာ ဒုသမ္မတလောင်းတွေ တင်မယ်

မတ်လ ၁၀ ရက်နေ့ဟာဆိုရင် မြန်မာ့သမိုင်းမှာ အရေးကြီးတဲ့ မှတ်တိုင်တစ်ခုကို ဖြတ်သန်းရဖို့ ရှိနေပါတယ်။
အဲဒါကတော့ သမ္မတလောင်း အမည်စာရင်းတွေ လွှတ်တော်မှာ တင်သွင်းကြမှာဖြစ်ပါတယ်။
သမ္မတလောင်းအမည်တွေနဲ့ပတ်သက်ပြီး လူတွေကလည်း ဘယ်သူ သမ္မတ ဖြစ်လာမလဲဆိုတာကို ရွေးကောက်ပွဲပြီးကတည်းက စောင့်ကြည့်ခဲ့ကြပြီး ခန့်မှန်းပြောဆိုမှုတွေလည်း ပြုလုပ် ခဲ့ကြပါတယ်။
မနက် ဆယ်နာရီ လွှတ်တော် အစည်းအဝေးမှာ ဒုတိယ သမ္မတလောင်း အမည်စာရင်းတွေကို တင်သွင်းကြမှာ ဖြစ်ပါတယ်။
ကြံ့ခိုင်ရေး ပါတီက ပြည်သူ့လွှတ်တော်မှာ လက်ရှိ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ကို အဆိုပြုတင်သွင်းမယ်လို့ သိရပါတယ်။
အမျိုးသား လွှတ်တော်မှာ ဦးခင်အောင်မြင့်ကို အဆိုပြု တင်သွင်းမယ်လို့ သတင်းတွေ အရ သိရှိရပါတယ်။
ဒါပေမယ့် ကြံ့ခိုင်ရေး ပါတီက လွှတ်တော်မှာ လူနည်းစု ဖြစ်တဲ့ အတွက် ပါတီက တင်သွင်း တဲ့ ဒုသမ္မတ တွေက သမ္မတ ဖြစ်ဖို့ အခြေအနေ နည်းပါးပါတယ်။
တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ကတော့ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှာ ဒုတိယ သမ္မတလောင်း ကို ရွေးချယ်မယ်လို့ သိရပါတယ်။
NLD ပါတီ ဘက်က တင်မယ့် ဒုတိယ သမ္မတလောင်း က အရပ်သား စစ်စစ် ဖြစ်ရမယ်လို့ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားတာ ရှိပါတယ်။
ဦးထင်ကျော်၊ ဒေါက်တာ တင်မျိုးဝင်း၊ ဒေါက်တာ မျိုးအောင်တို့ ကို ပါတီ ဘက်က တင်မယ့် ဒုတိယ သမ္မတ တွေ အဖြစ် ရေပန်း စားနေပါတယ်။
မတ်လ ၉ ရက်နေ့မှာ တော့ သမ္မတလောင်း စိစစ်ရေး ကော်မတီ ကို လွှတ်တော်မှာ ဖွဲ့စည်း ခဲ့ပါတယ်။
ကော်မတီမှာ အမျိုးသား နဲ့ ပြည်သူ့လွှတ်တော် တို့ က ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌနဲ့ ပြီးတော့ လွှတ်တော် ကိုယ်စားလှယ် ၂ ဦး အပြင် တပ်မတော်သား ကိုယ်စားလှယ် ၁ ဦး စုစုပေါင်း ၇ ဦး နဲ့ ဖွဲ့စည်း လိုက်ပါတယ်။
ပါတီ အသီးသီး နဲ့ တပ်မတော် ဘက်က တင်လာတဲ့ ဒုသမ္မတ တွေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပါရှိတဲ့ အချက် အလက်တွေနဲ့ ကိုက်ညီမှု ရှိ မရှိ ဆို တာကို စိစစ် ရမှာ ဖြစ်တယ်လို့ စိစစ်ရေး ကော်မတီ အဖွဲ့ဝင် ဦးဘမျိုးသိန်း က ဘီဘီစီကို ပြောကြားခဲ့ပါတယ်။








