တောင်ကုတ်မှာ စိတ်ကြွဆေးပြား သိန်းချီမိ

ဓာတ်ပုံ ရင်းမြစ်, Alamy
ရခိုင်ပြည်နယ် တောင်ကုတ် မြို့နယ် မအီ စစ်ဆေးရေးမှာ မတ်လ ၇ ရက် နေ့လယ်က စိတ်ကြွဆေးပြား လေးသိန်းကျော်၊ ကျပ် သိန်း တသောင်း ရှစ်ထောင် ကျော်ဖိုး ဖမ်းဆီး လိုက်ပါတယ်။
ဒီဆေးပြား လေးသိန်းကျော် ကို ရန်ကုန်တိုင်း မြောက်ဒဂုံ မြို့နယ်ကနေ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဇနီးမောင်နှံ နှစ်ဦးက ကိုယ်ပိုင်ကားနဲ့ သယ်ယူလာခဲ့တာ လို့ သိရပါတယ်။
တောင်ကုတ် ကိုကျော်ပြီး စစ်တွေဘက် အသွား မအီမြို့ စုပေါင်းစစ်ဆေးရေး ဂိတ်မှာ ဖမ်းမိခဲ့တာလို့ တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။
တောင်ကုတ်မြို့ဟာ ရခိုင် ပြည်နယ်က ခရီးသွားလာမှု များတဲ့ မြို့နယ် တခု ဖြစ်ပေမယ့် အရင်က ဒီလို အကြီးအကျယ် ဖမ်းဆီးရမှုတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။
ဒီတကြိမ် ဖမ်းဆီးမှုကတော့ စံချိန်တင်တယ် လို့ မြို့နယ် ရဲမှူးက ပြောပါတယ်။
ရခိုင် ပြည်နယ် ဟာ ဘင်္ဂလားဒေ့ရှ်ကို စိတ်ကြွ ဆေးပြားတွေ တင်ပို့တဲ့ နေရာမှာ ကြားခံနယ်မြေ ဖြစ်လာ တာကြောင့် စိတ်ကြွဆေးပြား တွေနဲ့ အတူ သယ်ယူသူ တွေကို မကြာခဏ ဖမ်းဆီး ရမိနေပါတယ်။
ခုလို ဖမ်းဆီးမှုတွေ ရှိနေပေမယ့် မြန်မာက စိတ်ကြွ ဆေးပြားတွေ ဘင်္ဂလားဒေ့ရှ်မှာ ဈေးကောင်းရတဲ့ အပြင် တဘက်မှာလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိတဲ့ အတွက် လူတွေ အကြောက်အလန့် မရှိ ဒီတရားမဝင် မူးယစ် လုပ်ငန်းတွေမှာ ပါဝင် လုပ်ကိုင် လာကြတာကို တွေ့နေရပါတယ်။
နောက်ကွယ်က ဆက်နွယ် ပတ်သက် နေသူတွေကို စစ်ဆေး ဖော်ထုတ်သွားနိုင်ရေး အတွက် ဖမ်းမိတဲ့ နှစ်ဦးကို အမှုဖွင့် စစ်ဆေးနေပြီလို့ တောင်ကုတ် ရဲတပ်ဖွဲ့မှူး ပြောပြသွားပါတယ်။
အခု ဖမ်းဆီးခံရတဲ့ ဇနီးမောင်နှံ နှစ်ဦးဟာ အသက် (၄ဝ) ကျော် အရွယ် တွေ ဖြစ်ကြပြီး ရန်ကုန်နဲ့ မောင်တော မြို့တို့မှာ ကိုယ်ပိုင် အိမ်ယာ တွေနဲ့ နေထိုင်နေကြသူ တွေ ဖြစ်ကြတယ်လို့ သိရပါတယ် ။








