စိတ်ကြွ ရူးသွပ်ဆေးပြား ၄ သိန်း တာချီလိတ်မှာ ဖမ်းမိ

စိတ်ကြွ ရူးသွတ်ဆေးပြား ၄ သိန်းခွဲနီးပါးကို အိုက်ရှဲန်(ခ)အိုက်စိုင်း ဆိုသူ မောင်းနှင်လာတဲ့ကားနဲ့အတူ တာချီလိတ်မြို့ မူးယစ် ရဲတပ်ဖွဲ့ က အောက်တိုဘာ လ ၇ ရက်နေ့မှာ ဖမ်းဆီး ရမိခဲ့ပါတယ်။
မကြာခင်ကပဲ ရန်ကုန်မြို့မှာ စိတ်ကြွရူးသွတ်ဆေးပြား သန်း ၃၀ ကျော်ဖမ်းမိခဲ့ပြီး တစ်နိုင်ငံလုံးမှာ မကြာခဏာဆိုသလို ဖမ်းဆီးရမိနေပါတယ်။ ထိုင်းနိုင်ငံမှာတော့ စိတ်ကြွရူးသွတ်ဆေးပြား ၈၇ သန်းကျော်ဖမ်းဆီးရမိခဲ့ပြီးလည်းဖြစ်ပါတယ်။
စိတ်ကြွရူးသွပ် ဆေးပြား တွေကို ပိုမို ဖမ်းဆီး ရမိလာတာနဲ့ ပတ်သက်ပြီးတော့ ထိုင်းမူယစ်ဆေးဝါး တိုက်ဖျက်ရေးဌာန ရဲ့ ညွှန်ကြားရေးမှူး ဝိချိုင်း ချိုင်းမုန်းခွန်း က စိတ်ကြွရူးသွပ် ဆေးပြားတွေကို အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းရင်းသား လက်နက်ကိုင် တချို့နယ်မြေမှာ ထုတ်လုပ်နေပြီး အထူးသဖြင့် ဝ အုပ်ချုပ်တဲ့နယ်မြေ အတွင်းမှာလည်း စက်ရုံတွေရှိ နေတယ်လို့ ပြောပါတယ်။
အခုနောက်ပိုင်း ပိုမိုဖမ်းဆီးရမိခဲ့တာကတော့ မဲခေါင်မြစ်ဝှမ်း ၄ နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်း တိုက်ဖျက်ရေးရုံးကနေ သတင်း အချက်အလက် တွေကို မြန်မြန်ဆန်ဆန် ဖလှယ်နိုင်တာကြောင့် ပိုမိုဖမ်းဆီးရမိတာဖြစ်တယ် လို့ ဆိုပါတယ်။
စိတ်ကြွရူးသွပ် ဆေးပြားပိုမိုထုတ်လုပ်နေတာတွေ့ရပေမယ့် အဖမ်းအဆီးများလို့ မြန်မာဘက်ခြမ်းမှာ သွားဝယ်သူ နည်းလာတာကို လည်း တွေ့ရကြောင်း ဆက်လက် ပြောကြားပါတယ်။
မဲခေါင်မြစ်ဝှမ်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစီမံကိန်းကို တရုတ်၊ မြန်မာ၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့တာဝန်ရှိသူတွေ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်မှာ ရုံးစိုက်ပြီး အကောင်အထည် ဖေါ်နေပါတယ်။
နောက်ပိုင်းမှာ ဗီယက်နမ် နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကိုလည်း မဲခေါင်မြစ်ဝှမ်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့မှာ ပါဝင်ဖို့ ဖိတ်ခေါ်သွားမယ်လို့ ညွှန်ကြားရေးမှူး ဝိချိုင်း ချိုင်းမုန်းခွန်းက ပြောကြားခဲ့ပါတယ်။




