လွှတ်တော်ဟောင်းမှာ ဘာတွေလုပ်နိုင်ခဲ့လဲ

U Thein Nyunt
ဓာတ်ပုံ ပုံစာ, လာမယ့် လွှတ်တော်သစ်မှာ အမျိုးသား ဒီမိုကရေစီ ပါတီသစ် ဥက္ကဌ ဦးသိန်းညွန့် မပါတော့

ပြီးခဲ့တဲ့ ပါလီမန်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အတွက် လွှတ်တော်နိုင်ငံရေးကို စတင်ခဲ့တာ ဖြစ်တယ်လို့ ဇန်နဝါရီ ၂၉ ရက်နေ့က ပြီးဆုံးခဲ့တဲ့ ၅ နှစ်ကြာ ပါလီမန်သက်တမ်းမှာ သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခဲ့သူ အမျိုးသား ဒီမိုကရေစီ ပါတီသစ် ဥက္ကဌ ဦးသိန်းညွန့်က ပြောပါတယ်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကနေ ပေါက်ဖွား လာခဲ့တဲ့ ပြီးခဲ့တဲ့ လွှတ်တော် သက်တမ်း ငါးနှစ် အတွင်းမှာ အများ ပြည်သူ အတွက် လိုအပ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ၊ ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ ဥပဒေနဲ့ လယ်ယာမြေ ဥပဒေ စတာတွေ အပါအဝင် ဥပဒေပေါင်း ၂၂၉ ခုကို ပြဌာန်းနိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

ပြီးခဲတဲ့ လွှတ်တော် သက်တမ်းမှာ အစိုးရကို ထိန်းကျောင်းနိုင်တဲ့ ကိစ္စမှာ ၁၀၀ ရာခိုင်နှုန်း မဟုတ်ရင်တောင် လမ်းသစ်ဖောက်နိုင်တဲ့ အုတ်မြစ် ချပေးနိုင်ခဲ့တယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။

လူထုနဲ့ နိုင်ငံအတွက် အကျိုးမရှိတဲ့ ဘတ်ဂျက်တွေကို လွှတ်တော်က ဖြတ်တောက် ပေးခဲ့တာမျိုး၊ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေခုံရုံးကိုတောင် လွှတ်တော်က အပြောင်းအလဲ လုပ်ခဲ့တာ မျိုး ဆောင်ရွက်ခဲ့တာတွေ ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

လွှတ်တော် အနေနဲ့ လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိတဲ့ အပိုင်းမှာတော့ လူ့အခွင့် အရေးအရရော၊ တရားမျှတမှုပိုင်းမှာပါ ပြင်ဆင်တာ အသစ်ပြဌာန်းတာတွေ မလုပ်နိုင်ခဲ့တဲ့ ဥပဒေတွေလည်း ရှိကြောင်းနဲ့ အကျဉ်းထောင် ဥပဒေ၊ ၁၉၅၀ ပြည့် အရေးပေါ် စီမံမှု ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေတွေကို မလုပ်နိုင်ခဲ့ဘူးလို့ ဦးသိန်းညွန့်က ပြောပါတယ်။

လွှတ်တော်ကြီး တစ်ခုလုံးကိုလည်း တခြားဒီမိုကရေစီ နိုင်ငံတွေမှာလို အကြိတ်အနယ် ဆွေးနွေးကြတဲ့ လွှတ်တော်ကြီး အဖြစ် မပြောင်းလဲ နိုင်ခဲ့ဘူးလို့လည်း ပြောပါတယ်။

တပ်မတော်ရဲ့ အခန်းကဏ္ဍကို လျှော့ဖို့ ဆိုရင် အမျိုးသား ပြန်လည် သင့်မြတ်ရေး အရှိန်အဟုန်ကို မြှင့်ဖို့ လိုတယ်၊ နိုင်ငံရေး သမားတွေအပေါ် တပ်မတော်က ယုံကြည်မှု ရှိလာတဲ့ အခါ လွှတ်တော်တွင်းက တဖြည်းဖြည်း ဆုတ်ခွာသွားမယ်လို့ ကာကွယ်ရေး ဦးစီးချုပ်က ပြောထားပြီး ဖြစ်ကြောင်းလည်း ဦးသိန်းညွန့်က ပြောပါတယ်။

အခြေခံ ဥပဒေကို ပြင်ဖို့ ကိစ္စမှာ တပ်မတော်ရဲ့ ယုံကြည်မှု ရအောင် ဆွဲဆောင်တဲ့နည်းနဲ့သာ ဆောင်ရွက်လို့ ရမယ်ဆိုတာ ပြီးခဲ့တဲ့ ပထမ အကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းက ပြခဲ့ပြီလို့ သူက ပြောပါတယ်။