ကချင်မှာ ဘိန်းစိုက်ဧက ရာချီပြီး အများပြည်သူက ဖျက်စီးခဲ့

sunrise_poppies_

ဓာတ်ပုံ ရင်းမြစ်, PA

ဓာတ်ပုံ ပုံစာ, ကချင်ပြည်နယ် နဲ့ ရှမ်းပြည် မြောက်ပိုင်း ဒေသတွေမှာ လက်လမ်း မှီသလောက် ဘိန်း စိုက်ခင်းတွေကို ဖျက်ဆီးဦးမယ်။

ကချင်ပြည်နယ်၊ ပူတာအို မြို့နယ် ထဲက ဘိန်းစိုက်ခင်း ဧက ၁၀ဝ ကျော်ကို ဒေသခံ အများ ပြည်သူ ၇၀ဝ ဝန်းကျင် စုပေါင်းပြီး ပြီးခဲ့ တဲ့ အခု သီတင်းပတ် အစောပိုင်းကပဲ ဖျက်ဆီး ခဲ့ပါတယ်။

အဲဒီလို ဘိန်းခင်းဖျက်တဲ့ လှုပ်ရှားမှု ကို စုပေါင်း လုပ်ဆောင် ကြသူတွေ ဟာ သူတို့ကိုယ်သူတို့ ပြည်သူ့ အခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ လို့ သုံးစွဲ ခေါ်ဝေါ် နေပြီး ကချင်ပြည်နယ် နဲ့ ရှမ်းပြည် မြောက်ပိုင်း ဒေသတွေမှာ လက်လမ်း မှီသလောက် ဘိန်း စိုက်ခင်းတွေကို ဖျက်ဆီးဦးမယ်လို့ ဆိုပါတယ်။

ကချင် ပြည်နယ် ထဲမှာ ဆိုရင် ပြည်သူ့ စစ်တွေ နဲ့ နယ်ခြားစောင့်တပ် တွေ ရဲ့ စခန်း တွေ အနီးတဝိုက် အစိုးရ ထိန်းချုပ် နယ်မြေ တွေ မှာ ဘိန်း စိုက်ခင်းတွေ ပိုတွေ့ နေရတယ် ဆိုပြီး ဘိန်းစိုက်ခင်းတွေ လိုက် ဖျက်နေတဲ့ အဖွဲ့ကို ဦးဆောင် နေသူ တစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။

အခုလို ဘိန်းခင်းဖျက် လှုပ်ရှားမှု ပြုလုပ် တဲ့ အတွက် အန္တရာယ် ဖြစ်လာနိုင်တဲ့ နေရာ မျိုးတွေ ရှိပေမယ့် လှုပ်ရှားမှုထဲ တက်ကြွ ပါဝင်မယ့် ပြည်သူ အင်အား ထောင်ချီ ရှိနေသလို အစိုးရ အာဏာပိုင်တွေ ဆီက အကူအညီ တောင်းခံ သွားမယ် လို့လည်း ဆိုပါတယ်။

ကချင်ပြည်နယ် မှာ မူးယစ်ဆေးဝါး သုံးစွဲသူ တိုးတက် များပြား လာနေတဲ့ ပြဿနာ အတွက် အများပြည်သူတွေ ဟာ ခရစ်ယာန် အသင်းတော်တွေနဲ့ စုပေါင်းပြီး ပြည်သူ့ အခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ ဆိုပြီး ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်း ကတည်းက စတင် ဖွဲ့စည်း ခဲ့တာပါ။

အခုဆိုရင် ကချင်ပြည်နယ်မှာ ၁၆ မြို့နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်း မှာ ဆိုရင် ၃ မြို့နယ်မှာ အဖွဲ့ခွဲတွေ ဖွဲ့နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဘိန်းအစားထိုး စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းတွေ လုပ်ဆောင် နိုင်ဖို့လည်း စတင် ဆောင်ရွက် နေပြီလို့ အဖွဲ့ရဲ့ တာဝန် ရှိသူ တစ်ဦးက ဆိုပါတယ်။