ရပ်ကျေး ဥပဒေ လွှတ်တော်မှာ ပြင်မယ်

အစိုးရဘက်က ရပ်ကွက် နဲ့ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ်တွေ ရွေးချယ် ဖို့ ဆောင်ရွက် နေချိန်မှာပဲ ပြည်သူ့လွှတ်တော်က ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်တဲ့ အစီရင်ခံစာကို ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ လွှတ်တော် ကိုတင်ပြ လိုက်ပါတယ်။
ဥပဒေကြမ်း ကော်မတီက တင်ပြလာတဲ့ အစီရင်ခံစာ မှာတော့ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး တွေရဲ့သက်တမ်း ဟာ ပြည်သူ့ လွှတ်တော် သက်တမ်း နှင့် အညီ ဆိုတဲ့ စကားရပ် အစား နိုင်ငံတော် သမ္မတ၏ ရာထူး သက်တမ်းနှင့် အညီလို့ ပြင်ဆင်ထားပါတယ်။
အခုလို ဥပဒေ ပြင်ဆင် ရတာနဲ့ပတ်သက်လို့ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်း က လက်ရှိ ကျင်းပနေတဲ့ လွှတ်တော် သက်တမ်းမကုန်ခင် ဒီဥပဒေကြမ်းကို အတည်ပြု နိုင်အောင် ဆောင်ရွက် သွားမယ် လို့ပြောပါတယ်။
သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အနေနဲ့သူတို့သက်တမ်း ကုန်ခါနီးမှ အုပ်ချုပ်ရေး အဖွဲ့ရဲ့ အခြေခံ ကျောရိုး ဖြစ်တဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူး တွေ ပြောင်းလဲခန့်အပ်ဖို့ဆောင်ရွက်နေတာတွေဟာ သဘာ၀ မကျတဲ့လုပ် ရပ် ဖြစ်တဲ့ အတွက် NLD ပါတီက ကန့်ကွက်နေပါတယ်။
ဒီဥပဒေနဲ့ပတ်သက်ပြီး လွှတ်တော်မှာ ပြင်ဆင်ဖို့ဆောင်ရွက်နေပြီ ဖြစ်တဲ့အတွက် အစိုးရ ဘက်က အုပ်ချုပ်ရေးမှူး ရွေးချယ် ဖို့ဆောင်ရွက်နေတာ လက်ရှိ တည်ဆဲ ဥပဒေ အရ ပြည်သူ့လွှတ်တော် သက်တမ်း ကုန်မှသာ ရွေးချယ်ရ မယ်လို့ပြဌာန်းထား တဲ့ အတွက် အခုလို လွှတ်တော် သက်တမ်း မကုန်ခင် ဆောင်ရွက် တာဟာ ဥပဒေနဲ့မညီတဲ့ လုပ်ရပ်ဖြစ် တယ်လို့ ဥပဒေ ပညာရှင် အချို့ က ထောက်ပြ ပြောဆို နေပါတယ်။




