NLDပါတီ ဥက္ကဋ္ဌ ဆိုက္ကားဆရာတွေနဲ့တွေ့ဆုံ

ဒီဇင်ဘာ ၂၆ ရက်နေ့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ရွေးကောက်ပွဲမှာ ကူညီခဲ့ကြတဲ့ ဆိုက်ကား ဆရာတွေကို တော်ဝင်နှင်းဆီ ခန်းမမှာ တွေ့ဆုံ ဂုဏ်ပြုပွဲ ကျင်းပပေးခဲ့ပါတယ်။
အဲဒီ အခမ်းအနားမှာ ရန်ကုန်တိုင်း မြို့နယ် ၄၄ ခုက တစ်မြို့နယ် ၅ ယောက် နှုန်းနဲ့ မဲပေါက်တဲ့ ဆိုက်ကား ဆရာ အယောက် ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
ဒီပွဲဟာ တွေ့ဆုံ ဂုဏ်ပြုပွဲလို့ ဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆိုက်ကားဆရာတွေ အပြန်အလှန် ဆွေးနွေးကြတဲ့ပွဲ လို့လည်း ဆိုနိုင်ပါတယ်။
ပွဲကို တက်ရောက် လာကြတဲ့ ဆိုက်ကား ဆရာတွေဟာ အခြေခံ လူတန်းစား တွေရဲ့ ဘဝ တွေကို ထင်ဟပ် စေတာမို့ နိုင်ငံ တိုးတက်ရေး အတွက် အကြံပြု တင်ပြ ဆွေးနွေးပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းခဲ့ပါတယ်။
ရွေးကောက်ပွဲကြို ကာလ တုန်းက ဆိုက်ကား ဆရာတွေဟာ ကိုယ်ကျိုးမကြည့်ဘဲ နိုင်ငံ အကျိုး ရည်ရွယ် လုပ်ဆောင်ခဲ့တဲ့ အပေါ် ကိုယ်စားလှယ်လောင်း တွေရဲ့ စိတ်ဓါတ်ထက် သာတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြ ချီးကျူး စကား ပြောခဲ့ပါတယ်။
ဆိုက်ကား ဆရာတွေက လိုင်စင်မဲ့ ဆိုက်ကား တွေ အများအပြား ရှိလာတာ၊ အိမ်ပိုင် မရှိ အိမ်ငှား နေရတဲ့ ဘ၀တွေ၊ မိသားစုတွေရဲ့ ပညာရေး ကျန်းမာရေး ၊ ဆိုက်ကား သမား အစည်း အရုံးတွေ ဖွဲ့စည်းပေးဖို့ အကြောင်းတွေ ကို ပြောကြား ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် က သူတို့ အနေနဲ့ ဘယ်ကိစ္စတွေ ကိုတော့ ဘယ်လိုနည်းနဲ့ ဖြည့်ဆည်း ပေးနိုင်မလဲ ဆိုတာကို ပြန်လည် ရှင်းပြခဲ့ ပါတယ်။
အခုလို လူထုခေါင်းဆောင် တယောက်က အခြေခံ လူတန်းစားတွေရဲ့ အသံကို နားထောင်ပြီး ဖြည့်ဆည်း ပေးတဲ့ အတွက် စိတ်ဓါတ် ခွန်အားကို ဖြစ်စေတယ်လို့ ဆိုက်ကား ဆရာတွေက ပြေကြား ခဲ့ကြပါတယ်။








