ဒေါ်စုနဲ့ NCA လက်မှတ်ထိုးတဲ့ အဖွဲ့တွေတွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, CDES
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် NCA မှာ ပါဝင် လက်မှတ် ထိုးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ နဲ့ ဒေါ် အောင်ဆန်းစု ကြည် ဦးဆောင်တဲ့ ရွေးကောက်ပွဲ အနိုင်ရ NLD အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ပါတီ ခေါင်းဆောင်တွေ ဒီဇင်ဘာလ ၁၇ ရက် နေ့လယ်က နေပြည်တော်မှာ ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က NCA စာချုပ်မှာ သက်သေအဖြစ် သူ ဘာကြောင့် ပါဝင်လက်မှတ် မထိုးခဲ့သလဲ ဆိုတာနဲ့ တခြား အကြောင်းအရာ တွေကို ရှင်းပြခဲ့တယ်လို့ ရခိုင် လွတ်မြောက်ရေး ပါတီ ဗဟို ကော်မတီဝင် ဒေါ်စောမြရာဇာလင်းက ဘီဘီစီကို ပြောပါတယ်။
NCA လက်မှတ် ရေးထိုးတုန်းက တိုင်းရင်းသား အဖွဲ့တွေအားလုံး မပါဝင် ခဲ့ကြတဲ့ အတွက် လက်မှတ် မထိုးခဲ့တယလို့ ဒေါ်အောင်ဆန်း စုကြည် ပြောတဲ့ အကြောင်း သူက ပြန်ပြောပါတယ်။
တိုင်းရင်းသားအဖွဲ့တွေ ဘက်ကလည်း ရရှိထားတဲ့ NCA စာချုပ် ကို မူတည်ပြီး နိုင်ငံရေး ပြောင်းလဲ မှုတွေ ငြိမ်းငြိမ်း ချမ်းချမ်း ဖြစ်ပေါ် နိုင်ရေး နဲ့ ပတ်သက်လို့ အပြန် အလှန် ဆွေးနွေး ခဲ့ကြတယ်လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
ဆွေးနွေးခဲ့ကြတဲ့ အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေရဲ့ ခေါင်းဆောင် ၈ ယောက်ကတော့ ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်း(CNF)၊ ဖဒိုကွယ်ထူးဝင်း (KNU)၊ ဦးခွန်မြင့်ထွန်း(PNLO )၊ ဒေါ်စောမြရာဇာလင်း(ANC)၊ ဦးမျိုးဝင်း( ABSDF)၊ ဗိုလ်မှူးချုပ် ပေါင်ခေး( RCSS/SSA)၊ ဗိုလ်မှူး ကျော်ညွန့် (DKBA) နဲ့ ဗိုလ်မှူး စိန်ဝင်း (KNU/KNLA PC)တို့ ဖြစ်ကြပါတယ်။
ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီနဲ့ အပစ်ရပ် တိုင်းရင်းသား အဖွဲ့တွေ ထိတွေ့ ဆက်ဆံနိုင်ဖို့ အတွက် ပူးတွဲ ကော်မတီ တစ်ရပ် ဖွဲ့စည်းဖို့ ရှိတယ်လို့ ဆွေးနွေးပွဲ တက်ရောက်တဲ့ တိုင်းရင်းသား တွေက ပြောပါတယ်။




