အာဏာလွှဲပြောင်းရေး ကော်မတီဖွဲ့

ဓာတ်ပုံ ရင်းမြစ်, EPA
နိုင်ငံတော် အကြီးအကဲ တာဝန် လွှဲပြောင်းမှု အထောက် အကူပြု ကော်မတီကို အစိုးရက ဖွဲ့စည်းလိုက် ပါတယ်။
ပြည်ထောင်စုဝန်ကြီးတွေ ပါဝင်တဲ့ အဲဒီ အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ NLD ပါတီဖက်က လည်း အသွင်ကူးပြောင်းရေး အဖွဲ့ကို ဖွဲ့စည်းထားပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ ဒီဇင်ဘာလ ၂ ရက်က နိုင်ငံတော် အကြီးအကဲ တာဝန်တွေ စနစ်တကျ လွှဲပြောင်းပေးရေး ဆွေးနွေးခဲ့မှု အရ အစိုးရ ဘက်က အခု အထောက်အကူပြု ကော်မတီကို ဖွဲ့စည်းတာလို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
ရှေ့လာမယ့် တပတ်ထဲမှာ ကော်မတီဥက္ကဌ ဝန်ကြီးဦးလှထွန်း ဦးဆောင်ပြီး ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ် တွေကိုအသေးစိတ် ဆွေးနွေးမယ့် အစည်းအဝေး ပြုလုပ်ဖို့ ရှိပါတယ်။
အဲဒီ အစည်းအဝေး အပြီးမှာ လုပ်ငန်းစဉ် အသေးစိတ်ကို သိရမှာ ဖြစ်တယ်လို့ ကော်မတီထဲမှာပါဝင်တဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင် မောင်အုန်းက ပြောပါတယ်။
အစိုးရရဲ့ ကော်မီတီမှာ ဥက္ကဋ္ဌက ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်းဖြစ်ပြီး ဝန်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်းနဲ့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ ပါဝင်ကြ ပါတယ်။
အဲဒီကော်မတီနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်း ထားတဲ့ အသွင်ကူးပြောင်းရေး အဖွဲ့မှာတော့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၊ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ မျိုးအောင်နဲ့ ရန်ကုန်တက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဒေါက်တာ အောင်သူတို့ ပါဝင် ပါတယ်။




