ကချင်မှာ အစိုးရက လေကြောင်းကနေ တိုက်ခိုက်

_kia_soldiers_

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, KIA နဲ့ အစိုးရ စစ်တပ်ကြား ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က စပြီး တိုက်ပွဲ ပြင်းထန်။

ကချင်ပြည်နယ် မိုးညှင်းမြို့ အနီး ဒေသခံ ကချင် လက်နက်ကိုင် KIA နဲ့ အစိုးရ စစ်တပ်ကြား ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက် တနင်္ဂနွေ နေ့က စပြီး တိုက်ပွဲ ပြင်းထန် နေပြီး အစိုးရ တပ်ဘက်က လေကြောင်း တိုက်ခိုက်မှု တွေပါ ပြုလုပ် ခဲ့ပါတယ်။

တိုက်ပွဲတွေ ဟာ မိုးညှင်းနဲ့ ၂ မိုင် ဝန်းကျင်လောက် အကွာ မြို့ နဲ့ နီးနီး ကပ်ကပ် ဖြစ်ပေါ် နေတဲ့ အတွက် မြို့သူ မြို့သားတွေ အနေနဲ့ တိုက်ပွဲ ကို မျက်ဝါးထင်ထင် တွေ့မြင် ကြားသိ နေရပြီး ခြောက်ခြား နေကြတယ် လို့ မြို့ခံ တစ်ယောက် ဖြစ်တဲ့ ဦးစိုးချန့်က ဘီဘီစီ ကို ပြောပါတယ်။

တိုက်ပွဲ အတွင်း အသေအပျောက် သတင်းကိုတော့ ၂ ဘက်စလုံး ကနေ ထုတ်ပြန် မပေး သေး ပါဘူး။

နိုဝင်ဘာ ၁၆ ရက် တနင်္လာ နေ့ နေ့လည်ပိုင်း မှာ အစိုးရ တပ်က ရဟတ်ယာဉ် ၂ စင်း သုံးပြီး လေကြောင်း ကနေ တိုက်ခိုက် ခဲ့ သလို ညနေ ပိုင်းမှာလည်း တိုက်လေယာဉ် နဲ့ လာရောက် တိုက်ခိုက် ခဲ့တယ် ဆိုပြီး မျက်မြင် ကြုံရသူ တွေက ပြောပါတယ်။

မိုးညှင်းမြို့ပေါ် မှာတော့ လူတွေ အပြင် မထွက်ဝံ့ပဲ လမ်းတွေ ဟာ တိတ်ဆိတ် ခြောက်ကပ် နေတယ် လို့ ဦးစိုးချန့်က ပြောပါတယ်။

အခုလို အစိုးရ ဘက် က စစ်ရေး အရ ဖိအား တွေ ပေး လာတာ ဟာ KIA အနေနဲ့ တနိုင်ငံလုံး အပစ်ရပ် စာချုပ် NCA ကို လက်မှတ် မထိုးလို့လား ဒါမှမဟုတ် ထွက်ပေါ် လာခဲ့တဲ့ ရွေးကောက်ပွဲ ရလာဒ် တွေ ကြောင့်လား ဆိုတာ အမျိုးမျိုး တွေးစရာ ဖြစ်နေတယ် လို့ လည်း ဦးစိုးချန့်က ဆိုပါတယ်။

ရှမ်းပြည်နယ် ထဲ မှာလည်း ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSPP/SSA ၊ တအာင်း ပလောင်တပ် TNLA စတဲ့ လူမျိုးစု လက်နက်ကိုင် တွေ နဲ့ အစိုးရ တပ်အကြား ရွေးကောက်ပွဲ အပြီး မှာ တိုက်ပွဲ တွေ တိုးမြင့် ဖြစ်လာ ခဲ့ ပါတယ်။