အစိုးရစစ်တပ် ပစ်ခတ်မှု ရှမ်းအရပ်သား ၂ဦးဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, shrf
ရှမ်းပြည်နယ် အလယ်ပိုင်း မိုင်းနောင်မြို့မှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲနေ့ နိုဝင်ဘာလ ၈ ရက်တုန်းက လယ်ရိတ်သိမ်းပြီးပြန်လာတဲ့ အရပ်သားတွေကို အစိုးရစစ်သား နှစ်ယောက်က ပစ်ခတ်ခဲ့တဲ့ အတွက် အရပ်သား နှစ်ယောက် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် က နိုဝင်ဘာလ ၁၂ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။
အဲဒီ ရွာသူရွာသား အယောက် ၃၀လောက်ဟာ အစိုးရစစ်တပ်ဆီမှာ လယ်ရိတ်ခွင့် တောင်းခံပြီးမှ လယ်သွားရိတ်ခဲ့ကြတာ ဖြစ်ပြီး အပြန်မှာ အခုလို ပစ်ခတ်ခံခဲ့ရတာလို့ ဖေါ်ပြထားပါတယ်။
ပစ်ခတ်မှုဖြစ်အပြီး ၃နာရီလောက်ကြာမှ ဒဏ်ရာ ရသူတွေကို မိုင်းနောင်ဆေးရုံကို သွားခွင့် ပြုခဲ့ကြောင်းနဲ့ နောက်တရက်မှာတော့ အောင်ပန်း ဆေးရုံကို စစ်သားတွေက ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေရာဟာ ခလရ တပ်ရင်း ၆၆နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ နေရာ ဖြစ်ပါတယ်။




