လူမှောင်ခို မြန်မာဂိုဏ်းကို ဖမ်းဆီးမိ

ဓာတ်ပုံ ရင်းမြစ်, MAT
လူကုန်ကူးတဲ့ မြန်မာဂိုဏ်း ခေါင်းဆောင် သိန်းဇော် ဆိုသူနဲ့ အဖွဲ့ဝင် ၅ ဦးကို ထိုင်း အထူး မှုခင်းအဖွဲ့နဲ့ ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အဖွဲ့ (MAT) တို့က ပူးပေါင်း ဖေါ်ထုတ်ပြီး ဖမ်းဆီးလိုက်ပါတယ်။
မြန်မာနိုင်ငံ ဘုရားသုံးဆူနဲ့ နယ်နမိတ် ဆက်နေတဲ့ ထိုင်းနိုင်ငံ ကန်ကျနာ့ဘူရီခရိုင်၊ ထာ့မကား မြို့နယ်မှာ ဖမ်းဆီးလိုက်တာပါ။
ကန်ကျနာ့ဘူရီခရိုင်၊ ထာ့မဟားမြို့နယ်က နာနတ်သီး စည်သွတ်ဘူး စက်ရုံအတွက်နဲ့ မဟာချိုင်ဘက်က စက်ရုံတွေအတွက် မြန်မာ အလုပ်သမားတွေကို သိန်းဇော် ဆိုသူနဲ့ အဖွဲ့ဝင် ၅ဦး ခိုးသွင်းနေတာ ဖြစ်တယ်လို့ မြန်မာသံရုံး အလုပ်သမား ကူညီ စောင့်ရှောက်ရေး ကော်မတီဝင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း ကပြောပါတယ်။
သိန်းဇော်တို့ အဖွဲ့က မြန်မာ အလုပ်သမားတွေကို မထင်ရင် မထင်သလို ရိုက်နှက်တာတွေလည်း ရှိတယ်လို့ အရိုက်ခံ ခဲ့ရဘူးသူ ကိုဖြိုးက ဘီဘီစီကို ပြောပါတယ်။
ထိုင်း-မြန်မာအစိုးရ သဘောတူ MOU နားလည်မှု စာချွန်လွှာအရ လာမယ် ဆိုရင် ကုန်ကျစရိတ် များပြီး အလုပ်ပြောင်းလို့ မရတဲ့အတွက် တရားမဝင် လာနေကြတာ ဖြစ်တယ်လို့ ဦးကျော်သောင်းက ပြောပါတယ်။
MAT အဖွဲ့အနေနဲ့ လူမှောင်ခိုဂိုဏ်းတွေကို ထိုင်းအာဏာပိုင်တွေနဲ့ အခုနှစ်အတွင်းမှာ ၁၆ ကြိမ်မြောက် ပူးပေါင်းဖေါ်ထုတ်နိုင်ခဲ့ပြီး လူကုန်ကူးခံရသူ ၈၆ ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ဦးကျော်သောင်းက ပြောပါတယ်။




