ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးတွေ EU စလုပ်

မြန်မာနိုင်ငံမှာ မကြာခင် ကျင်းပတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲကို လေ့လာ စောင့်ကြည့်ဖို့ အတွက် EU ဥရောပ သမဂ္ဂ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ဟာ မြန်မာနိုင်ငံမှာ လေ့လာသူတွေ ထားရှိပြီး လုပ်ငန်းတွေကို စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
EU အနေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးထားပြီး ဖြစ်ရာမှာ နားလည်မှု စာချွန်လွှာပါ အချက်တွေအရ EU လေ့လာ စောင့်ကြည့်ရေး အဖွဲ့တွေကို တိုင်းနဲ့ ပြည်နယ် ၁၄ခုမှာ စေလွှတ်ဖို့ ရှိပြီး လေ့လာ စောင့်ကြည့်မှုတွေကို လွတ်လွတ် လပ်လပ် ဆောင်ရွက်သွားနိုင်မှာ ဖြစ်တယ်လို့ EU ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ သံတမန် Ronald Kobia က ဘီဘီစီကို ပြောပါတယ်။
အခု ကျင်းပမယ့် ရွေးကောက်ပွဲဟာ ယုံကြည်နိုင်လောက်တဲ့ ရွေးကောက်ပွဲ ဖြစ်မဖြစ် ဆိုတာကိုတော့ ပြောဖို့ အချိန် စောသေးကြောင်း၊ EU က မကြာခင်လေးက ခန့်ထားတဲ့ စောင့်ကြည့်လေ့လာရေး အဖွဲ့ အကြီးအကဲက အကဲဖြတ်ပြီး ရွေးကောက်ပွဲ ပြီးတဲ့အခါ အစီရင်ခံစာ တင်မှာ ဖြစ်ကြောင်း သူက ပြောပါတယ်။
မဲစာရင်း မှားယွင်းမှု အခက်အခဲတွေ ရှိနေတာကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံလို နိုင်ငံမျိုးတွေမှာ ရှုပ်ထွေးမှုတွေ ဘယ်လောက် ရှိနေတယ် ဆိုတာကို ဖေါ်ပြနေတယ်လို့ မစ္စတာ Ronald Kobia က ပြောပါတယ်။
အခြေအနေတွေ မှန်မှန်ကန်ကန် ဖြစ်လာဖို့ ပိုမိုကောင်းမွန်လာဖို့ကို ရွေးကောက်ပွဲ မကျင်းပခင် နောက်ဆုံး အချိန်အထိ EU အနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အတူ တတ်နိုင်သမျှ အကောင်းဆုံး ဆောင်ရွက်သွားမယ်လို့ သူက ပြောသွားပါတယ်။




