အပစ်ရပ်ရေး ဝန်ကြီးဦးအောင်မင်း လွှတ်တော်မှာ ရှင်း

ဓာတ်ပုံ ရင်းမြစ်, AP
တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး စာချုပ်မှာ လက်မှတ် ရေးထိုးဖို့ နောက်ဆုံး အခြေ အနေကို ဝန်ကြီး ဦးအောင်မင်းက ပြည်ထောင်စု လွှတ်တော်မှာ ကြာသာပတေး နေ့က ရှင်းလင်း ပြောကြားခဲ့ ပါတယ်။
အခု အစိုးရ လက်ထက်မှာ လက်မှတ် ရေးထိုး နိုင်အောင် ကြိုးစား သွားမယ် လို့ ဝန်ကြီး ဦးအောင်မင်းက လွှတ်တော်မှာ အသိပေး ပြောကြား သွားပါတယ်။
တကယ် ဆိုရင် အပစ် အခတ် ရပ်စဲရေး စာချုပ်ကို ၂ ဘက် စစ်တပ်တွေ စာချုပ် ရမှာ ဖြစ်ပေမယ့် နိုင်ငံရေး ပြဿနာကြောင့် တိုက်ပွဲတွေ ဖြစ်တာ ဆိုပြီး တိုင်းရင်းသားတွေ ဘက်က နိုင်ငံရေး အရ ဖြေရှင်း ရေးကို ထည့်သွင်း လာတဲ့ အတွက် အချိန် ကြာမြင့် ခဲ့တယ်လို့ ဆိုပါတယ်။
အခု အစိုးရ လက်ထက်မှာ မပြီးပြတ်ရင် နောက် အစိုးရ လက်ထက်မှာ အစက ပြန်ဆွေးနွေး ရနိုင်တယ်။ ဒါကြောင့် အခု အစိုးရ လက်ထက်မှာ စာချုပ် ချုပ်နိုင် ဖို့ကို ကြိုးစား နေတယ်လို့ ဦးအောင်မင်းက လွှတ်တော်မှာ ပြောကြား ပါတယ်။
အပစ် အခတ် ရပ်စဲရေး စာချုပ်နဲ့ ပတ်သက်ပြီး အစိုးရဘက်က လာရောက် ရှင်းလင်းဖို့ လွှတ်တော် အမတ် ဦးဇုန်လှယ်ထန်က တင်ပြ ခဲ့တာ ဖြစ်ပါတယ်။
အခုလို ရှင်းပြ ခိုင်းတာ ဟာလည်း လွှတ်တော်ဘက်က အကြံ ပြုနိုင်ဖို့ အတွက် ဖြစ်တယ်လို့ သူက ပြောပါတယ်။
အပစ် အခတ် ရပ်စဲရေး စာချုပ်မှာ နိုင်ငံရေး စစ်ရေးနဲ့ သက်ဆိုင်တဲ့ အချက် တွေကို သဘောတူညီမှု ရထားပြီး ဖြစ်ပါတယ်။ တိုင်းရင်းသားဘက်တော့ အားလုံး ပါဝင် လက်မှတ် ရေးထိုး နိုင်ရေးကို တောင်းဆို ထားပြီး အစိုးရ ဘက်ကတော့ ၁၅ ဖွဲ့ ကိုသာ ဖိတ်ကြား ထားပါတယ်။
ဒီအချက် အပေါ် ညှိနှိုင်းလို့ ရမယ် ဆိုရင် မကြာခင် လက်မှတ် ရေးထိုး နိုင်မှာ ဖြစ်ပါတယ်။








