အားလုံးပါဝင်တဲ့ အပစ်ရပ်ရေး ဖြစ်ဖို့ အကြိတ်အနယ် ဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, unfc
တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ် NCA ကို အစိုးရ နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အကြား အပြီးသတ် လက်မှတ် ရေးထိုးနိုင်ရေး နဲ့ ပတ်သက်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အသီးသီးက ခေါင်းဆောင်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒုတိယမြောက်နေ့အဖြစ် ဆက်လက် ဆွေးနွေးခဲ့ကြရာမှာ အားလုံး ပါဝင် လက်မှတ်ထိုးနိုင်ရေး ခေါင်းစဉ်အောက်မှာ အကြိတ်အနယ် ဆွေးနွေး ပြောဆိုခဲ့ကြပါတယ်။
တိုင်းရင်းသား အဖွဲ့တွေ ဖြစ်တဲ့ AA ရခိုင်အဖွဲ့၊ ပလောင်အဖွဲ့၊ ကိုးကန့်အဖွဲ့၊ ဝအမျိုးသား အဖွဲ့ချုပ်၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံးနဲ့ ANC ရခိုင်အမျိုးသား ကောင်စီတို့ပါ တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးနိုင်ဖို့ တိုင်းရင်းသား ခေါင်းဆောင်တွေက လိုလားနေကြတာပါ။
KIO ကချင် လွတ်မြောက်ရေး အဖွဲ့က ခိုင်မာတဲ့ အပစ်အခတ် ရပ်ဆိုင်းရေး ဖြစ်စေရေးအတွက် တစ်နိုင်ငံလုံး အပစ်ရပ်ရေး စာချုပ် ( NCA )မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံး တပြိုင်နက်တည်း လက်မှတ်ရေးထိုးရေးမူကို ဆက်လက် စွဲကိုင် ထားမှာ ဖြစ်ကြောင်း သြဂုတ်လ ၂၁ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဒုတိယမြောက်နေ့ ဆွေးနွေးပွဲမှာ တင်ပြခဲ့ပါတယ်။
SSA ရှမ်းပြည် တပ်မတော် မြောက်ပိုင်းကလည်း တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ်မှာ အားလုံး ပါဝင်ရေးမူ ကိုပဲ လက်ခံတယ်လို့ ပြောပါတယ်။
ကရင် လက်နက်ကိုင် တပ်ဖွဲ့ ၃ခုနဲ့ SSA ရှမ်းပြည် တပ်မတော် တောင်ပိုင်းတို့ကတော့ တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ်မှာ လက်မှတ်ရေးထိုးမယ်လို့ ကြေညာချက် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အားလုံး ပါဝင်ရေး မူကို ဆုပ်ကိုင်ထားတဲ့အတွက် တနိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ်ရေးထိုးပွဲ ပျက်ပြယ်သွားမှာကို တိုင်းရင်းသား ခေါင်းဆောင် တချို့က စိုးရိမ်နေကြပါတယ်။
ချင်းမိုင်မြို့ ဆွေးနွေးပွဲ နောက်ဆုံးနေ့မှာတော့ ရလဒ်ကောင်းတွေ၊ ထွက်ပေါက်ကောင်းတွေ ပေါ်ထွက်လာနိုင်ဖို့ ဆက်လက်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။




