သမ္မတဦးသိန်းစိန် အခြေခံဥပဒေကို ချိုးဖောက်သလား

ဦးသိန်းစိန် ဟာ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ တွင်း ကိစ္စ ကို တိုက်ရိုက် ပါဝင် ဆောင်ရွက် လာတဲ့ အပြုအမူ ဟာ နိုင်ငံတော် သမ္မတ က ပါတီ အရေး မလုပ်ရဘူးဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းချက် ကို ချိုးဖောက်ရာ ရောက်တယ် ဆိုတဲ့ ဝေဖန် မှု တွေ ထွက် ပေါ် လာ ပါတယ်။
ဦးသိန်းစိန် ရဲ့ ကြံ့ခိုင်ရေး ပါတီ ဌာနချုပ် ကို လာရောက် ပြီး ဗဟို ကော်မတီ ဝင် တွေ နဲ့ တွေ့ဆုံ ခဲ့တာ ဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၆၄ နဲ့ ကိုက်ညီမှု မရှိ ဘူး ဆိုပြီး တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦး က ဘီဘီစီ ကို ပြောပါတယ်။
သမ္မတ ဦးသိန်းစိန် ဟာ ဩဂုတ်လ ၁၇ ရက် တနင်္လာနေ့ က နေပြည်တော် ကြံ့ခိုင်ရေး ပါတီ ဌာနချုပ် ကို ရောက်လာ ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ညနေပိုင်း ကြံ့ခိုင်ရေး ပါတီ ပြောရေး ဆိုခွင့် ရှိသူ တွေ လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်း ပွဲ အရ ပါတီ ရဲ့ ပူးတွဲ ဥက္ကဌ ရာထူး အပြောင်းအလဲ ကိစ္စ ကို သမ္မတ ဦးသိန်းစိန် က လာရောက် ရှင်းပြတာ ဖြစ်တယ် လို့ ပြော ပါတယ်။
ဒါပေမယ့် သူရ ဦးရွှေမန်း ကို နေရာ က ဖယ်ရှား ခဲ့ပြီးတဲ့ နောက် ကြံ့ခိုင်ရေး ပါတီ က ထုတ်ပြန် ထားခဲ့တဲ့ အကြောင်း ပြချက် တွေ ကို ပဲ အဲဒီ့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြန် လည် ထပ်ကြော့ ပြောခဲ့ ကြပါတယ်။
သူရ ဦးရွှေမန်း မှာ ကြီးလေးတဲ့ လွှတ်တော် တာဝန် တွေ ကြောင့် ရွေးကောက်ပွဲ နီးကပ် လာတဲ့ အခုလို အရေး ကြီး ချိန် မှာ ပါတီ တာဝန် တွေ ကို ဖိဖိစီးစီး ဆောင်ရွက် နိုင်ဖို့ ဦးဌေးဦး ကို ပူးတွဲ ဥက္ကဌ အဖြစ် လွှဲ ပြောင်း ရတာ ဖြစ်တယ် လို့ ကြံ့ခိုင်ရေး ပါတီ က ထုတ်ပြန် ထား ခဲ့ ပြီး ဖြစ်ပါတယ်။
ဦးသိန်းစိန် လာရောက် ခဲ့တဲ့ ပွဲ မှာ ကြံ့ခိုင်ရေး ရဲ့ အသစ် ပြင်ဆင် ဖွဲ့စည်းခဲ့တဲ့ ဗဟို ကော်မတီ ထဲ မပါဝင်တော့ တဲ့ သူရ ဦးရွှေမန်း တစ်ယောက် ရှိ မနေ ခဲ့ ပါဘူး။
ဒါပေမယ့် တစ်ရက် ထဲ မှာ ပဲ ဦးရွှေမန်း လည်း ပြည်သူ့လွှတ်တော် က ရေဘေးသင့် ပြည်သူတွေ ကို ထောက်ပံ့ ကူညီရေး လုပ်တဲ့ ပွဲ ကို တက်ရောက် ခဲ့ ခြင်း မျိုးနဲ့ အများ မြင်ကွင်းရှေ့ ပြန်လည် ထွက်ပေါ် လာခဲ့ သလို၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ လွှတ်တော် ဥက္ကဌ ရုံးခန်းမှာ ၄၅ မိနစ်ကြာ တွေ့ဆုံခဲ့ ကြပါတယ်။








