သူရဦးရွှေမန်း မိသားစုစောင့်ကြည့်ခံနေရ

သြဂုတ်လ ၁၂ ရက်နေ့ညက ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဥက္ကဌ နေရာက ဖယ်ရှား ခံလိုက် ရတဲ့ သူရဦးရွှေမန်းဟာ သြဂုတ်လ ၁၄ ရက် နေ့မှာတော့ ပြည်သူ့လွှတ်တော် ရုံးကို ရောက်လာပြီး သူ့ရုံးလုပ်ငန်းတွေ လုပ်ခဲ့ ပါတယ်။
တွေ့ဆုံခွင့်တောင်းတဲ့ မီဒီယာတွေကို လွှတ်တော် အစည်းအဝေးတွေ ပြန်စတဲ့ သြဂုတ်လ ၁၈ ရက်နေ့မှာ တွေ့ဆုံမယ်လို့ သူ့ ကိုယ်ရေးအရာရှိက တစ်ဆင့် အကြောင်းပြန်ခဲ့ပါတယ်။
သူရဦးရွှေမန်းဟာ နေပြည်တော်က သူ့ကို ပေးထားတဲ့ လွှတ်တော်ဥက္ကဌနေအိမ်မှာပဲ ရှိနေပြီး အိမ်ပြောင်းရွှေ့နေတယ်ဆိုတဲ့ သတင်းတွေ မမှန်ပါဘူးလို့ သားဖြစ်သူ ဦးတိုးနိုင်မန်းက ဘီဘီစီကို ပြောပါတယ်။
မိသားစုနဲ့ အဆက်အသွယ်တွေ ကန့်သတ် ထားတာလည်း မရှိပဲ ပုံမှန်အတိုင်း သွားလာနေနိုင် ပါတယ်လို့ ဆိုပါတယ်။
အိမ်ရှေ့မှာ လုံခြုံရေးတွေချထား
ဒါပေမယ့် သူ့အိမ်ရှေ့ မှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက စပြီး လုံခြုံရေး တပ်ဖွဲ့တွေ လာချ ထားတယ်လို့ ဦးတိုးနိုင်မန်းက ပြောပါတယ်။
လုံခြုံရေး အဖွဲ့ပေါင်း အနည်းဆုံး သုံးဖွဲ့ရှိပြီး အိမ်အနားတဝိုက်မှာ နေရာယူ ထားကြတယ်လို့ ဆိုပါတယ်။
သူ့မိသားစုပိုင် ချယ်ရီ အက်ဖ်အမ်ရဲ့ ထုတ်လွှင့်မှု တွေမှာလည်း ဂြိုဟ်တုကနေ တင်ပေးနေတဲ့ စက်က မတက်တော့တဲ့ အတွက် နယ်တွေကို ထုတ်လွှင့်မှု မရတော့ပဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။ အက်ဖ်အမ်တွေရဲ့ ထုတ်လွှင့်မှုကို ဂြိုဟ်တုကပြန်တင်ပေးတဲ့ လုပ်ငန်းကို ပြန်ကြားရေး ဝန်ကြီးဌာနက တာဝန်ယူ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။
ဂြိုဟ်တု ဆက်သွယ်ရေးနဲ့ ထပ်ဆင့် တင်ပေးစရာ မလိုတဲ့ ရန်ကုန်ဒေသ တဝိုက် ထုတ်လွှင့်မှု တွေမှာလည်း အသံလှိုင်း အားနည်းသွားပြီး ဖမ်းယူရာမှာ အခက်အခဲ ရှိနေတယ်လို့ ပရိသတ်တွေ ဆီက ပြန်သိရကြောင်း ဦးတိုးနိုင်မန်းက ပြောပါတယ်။
အဲဒီကိစ္စကို သြဂုတ်လ ၁၅ ရက် စနေန့မှာ တာဝန်ရှိသူတွေနဲ့ နေပြည်တော်မှာ ဆွေးနွေးဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။








