ရေကြီးလို့ မြစ်ဝကျွန်းပေါ်နဲ့ ပဲခူးတိုင်းထဲက အိမ်ခြေ ၆ သောင်းကျော် ရွှေ့ပြောင်းခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, AFP
ဧရာဝတီ မြစ်ဝ ကျွန်းပေါ် နဲ့ ပဲခူး တိုင်း ဒေသ ထဲ မှာ ရေကြီး မှု ကြောင့် အိမ်ခြေ ပေါင်း ၆ သောင်း ၁ ထောင် ကျော် ရွှေ့ပြောင်း ခဲ့ရပြီး ဖြစ်တယ် လို့ မြန်မာ နိုင်ငံ ထဲ က ကုလသမဂ္ဂ ရဲ့ ကယ်ဆယ်ရေး ဆိုင်ရာ ညှိနှိုင်းရေး ရုံး UNOCHA က ထုတ်ပြန် ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် ထဲ မှာ လည်း ရေကြီးမှု တွေ အပြီး ပြုလုပ်ခဲ့တဲ့ ရှေးဦး စမ်းစစ်မှု တွေ အရ စပါး စိုက်ပျိုးရေး လုပ်ငန်း အပြင်းအထန် ထိခိုက် သွားခဲ့ ရတာ ကို တွေ့ရှိ ခဲ့ရပြီး၊ သောက်သုံးရေ ရရှိရာ တွင်း တော်တော် များများ လည်း ပျက်စီး သွားခဲ့ကြောင်းသိထားရတယ် လို့လည်း UNOCHA ကနေ နောက်ဆုံး ထွက်လာတဲ့ အစီရင်ခံစာ ထဲ မှာ ပါဝင်ပါတယ်။
မြန်မာ့ ရေဘေး အတွက် တုန့်ပြန် ဆောင်ရွက် ဖို့ အလိုအပ်ဆုံး နေရာတွေ မှာ လုပ်ငန်းတွေ စတင် နိုင်ဖို့ ကုလ သမဂ္ဂ ရဲ့ အရေးပေါ် တုန့်ပြန်ရေး ရံပုံငွေ ထဲက အမေရိကန် ဒေါ်လာ ၉ သန်း ချ ပေး လိုက် တယ် ဆိုပြီး တော့ လည်း UNOCHA က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဂျူလိုင် လလည် က စလို့ ဖြစ်ပေါ် လာခဲ့တဲ့ မုတ်သုံရာသီ ရေကြီးမှု တွေဟာ မြန်မာ နိုင်ငံ ရဲ့ တိုင်းနဲ့ ပြည်နယ် ၁၄ ခုထဲ က ၁၂ ခု မှာ ဆိုးဆိုးရွားရွား ပေါ်ပေါက် လာခဲ့ပြီး လူပေါင်း ၅ သိန်း ၉ သောင်း နီးပါး အသက်ရောက် ခံရတယ် လို့ အစိုးရ ရဲ့ ကယ်ဆယ်ရေး နဲ့ ပြန်လည် နေရာ ချထားရေး ဦးစီးဌာန ရဲ့ လတ်တလော ထုတ်ပြန် ချက် ကို ကိုးကားပြီး UNOCHA ရဲ့ အစီရင်ခံစာ ထဲ မှာ ရေးသား ထားပါတယ်။
အလိုအပ်ဆုံး ဖြစ်နေတဲ့ လူသားခြင်း စာနာ နားလည်မှု ဆိုင်ရာ အကူအညီ တွေ ကတော့ အသက်ကယ် အစားအသောက် နဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ အပါအဝင်၊ နေထိုင်စရာ နေရာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ တကိုယ်ရည် သန့်ရှင်းမှု ရှိနိုင်စွမ်း နဲ့ အမျိုးသမီး နဲ့ ကလေးသူငယ် တွေ လိုမျိုး ထိခိုက် လွယ်တဲ့ အုပ်စုတွေ အပေါ် စိတ်ပိုင်း ရုပ်ပိုင်း အကာအကွယ်ပြုမှု တွေပဲ ဖြစ်တယ်လို့ UNOCHA က ဆိုပါတယ်။




