ညောင်တုန်းမှာ တာတမံရေကျော်မှာ စိုးရိမ်နေ

ဓာတ်ပုံ ရင်းမြစ်, Reuters
မြန်မာနိုင်ငံ အလယ်ပိုင်း ညောင်ဦး မင်းဘူး မကွေး စတဲ့ မြို့တွေမှာ ဧရာဝတီ မြစ်ရေ စိုးရိမ် ရေမှတ်ထက် ကျော်လာနေချိန်မှာ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ ဟင်္သာတ၊ ဇလွန်မြို့တို့ မှာလည်း စိုးရိမ်ရေမှတ် ကျော်နေတုန်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်က လိမ္မော်ရောင် အန္တရာယ် အဆင့် သတ်မှတ်ထားတဲ့ ညောင်တုန်းမြို့မှာ မြို့ကို ပတ်ဝိုင်းထားတဲ့ တာတမံပေါ် ရေမကျော်အောင် ဝိုင်းဝန်းကြိုးပမ်း နေကြ ပါတယ်။
ညောင်တုန်းမြို့ရဲ့ တာအပြင်ဘက် ရွာတွေမှာ ရေလွမ်းနေခဲ့တာ ၁၀ ရက်ကျော်ခဲ့ပြီး မြို့ထဲကိုတော့ ရေမဝင်သေးပေမဲ့ တာအနီးမှာ နေတဲ့ အိမ်တွေက တာပေါ်ကနေ ရေတွေ လျှံပြီး ကျော်လာမှာကို စိုးရိမ် နေကြပါတယ်။
လက်ရှိ တာတမံထဲက ရေမှတ်ထက် နောက်ထပ် ၅ လက်မလောက် ကျော်လာရင် ရေတွေ လျှံလာနိုင်တယ်လို့ ညောင်တုန်းမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးအောင်မြသန်းက ဘီဘီစီကို ပြောပါတယ်။
ဒါကြောင့် တာနဲ့ နီးတဲ့ အိမ်တွေက လူတွေကို ရွေ့ပြောင်း နေကြဖို့ အာဏာပိုင်တွေက ပြောပေမဲ့ အမျိုးသားတွေက ကိုယ်အိုး ကိုယ်အိမ်ကို စောင့်ရှောက်ပြီး သူတို့ နေအိမ်တွေမှာပဲ နေနေကြပါတယ်။
တာတမံကျိုးပြီး ရေကျော်လာရင် ပြေးလို့တောင် လွတ်မှာ မဟုတ်ဘဲ ဒုက္ခရောက်နိုင်တဲ့ အတွက် ဒေသခံ အားလုံးက တာကို ရေမကျော်အောင် ဝိုင်းဝန်းလုပ်ကိုင် နေကြ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေကျော်လာတဲ့ အခြေ အနေ အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတဲ့ အကြောင်း လွှတ်တော်အမတ် ဦးအောင်မြသန်းက ပြောပါတယ်။
ရေဘေး အန္တရာယ် ကျရောက်လာရင် အဓိက ဆန်လိုအပ်မှာ ဖြစ်ပြီး အရန် ရိက္ခာတွေ ထားရှိတဲ့ အပြင် စစ်တပ်ဖက်က စက်လှေတွေ ကိုလည်း အဆင်သင့် ပြင်ထားတယ် လို့ သူက ပြောပါတယ်။
ဒါ့အပြင် ရေဘေး လွတ်အောင် ခိုလှုံနေထိုင်နိုင်မယ့် နေရာ ၁၀ နေရာ ကိုလည်း သတ်မှတ် ထားတယ်လို့ ဆိုပါတယ်။
လောလောဆယ်မှာ မြို့ပေါ် ကယ်ဆယ်ရေး စခန်းတွေကို ပြောင်းရွှေ့ လာနေကြသူ ၃၀၀၀ လောက် ရှိတယ်လို့ ကယ်ဆယ် ကူညီရေး လုပ်နေတဲ့ ဒေသခံတွေက ပြောပါတယ်။
ညောင်တုန်း မြို့နယ်က ညောင်ဝိုင်းတောင်၊ ညောင်ဝိုင်းမြောက်နဲ့ သပြေချောင်း စတဲ့ ရွာ သုံးရွာ ကတော့ လွန်ခဲ့တဲ့ သုံးရက် ကတည်းက ရေမြုပ်နေပြီး အကူအညီတွေကို စောင့်မျှော်နေကြတယ်လို့ သိရပါတယ်။








