ဧရာဝတီမြစ်အောက်ပိုင်းရေကြီးမှုစိုးရိမ်ရဆဲ

ဟင်္သာတက ကျေးရွာတွေ ရေမြုပ်နေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဟင်္သာတက ကျေးရွာတွေ ရေမြုပ်နေ

ဧရာဝတီမြစ် အောက်ပိုင်း ဒေသတွေဖြစ်တဲ့ ဟင်္သာတ၊ ဇလွန်၊ ညောင်တုန်း စတဲ့မြို့နယ် တွေမှာ မြစ်ရေဟာ စိုးရိမ် စရာ မြင့်တက် နေဆဲ ဖြစ်ပါတယ်။

ဟင်္သာတမြို့နယ်မှာ ကျေးရွာ ၂၂ရွာ ရေမြုပ်နေပြီး၊ ဧရာဝတီ မြစ်ကမ်းမှာ ကာထားတဲ့ တာရိုးတွေ ကျိုးမှာကို ဒေသခံတွေက စိုးရိမ်နေ ပါတယ်။

သမ္မတ ဦးသိန်းစိန်က ဟင်္သာတနဲ့ ညောင်တုန်း မြို့မှာ စိုးရိမ်ဖွယ်ရာ အခြေ အနေ ရှိနေတယ်လို့ ပြောဆိုပြီး သဘာဝ ဘေး အန္တရာယ်ကျရောက်လာရင် တားဆီး မရနိုင်တဲ့ အတွက် ဘေးကင်းရာကို ကြိုတင် ရွှေ့ပြောင်း ကြဖို့ သူ့ရဲ့ လစဉ် မိန့်ခွန်းမှာ တိုက်တွန်းထားပါတယ်။

သြဂုတ်လ ၆ ရက် နေ့လည်ပိုင်း တိုင်းထွာချက် တွေအရ ဟင်္သာတမြို့ရဲ့ အန္တရာယ်ရှိတဲ့ ရေမှတ် ၄၈ ပေကို ရောက်ဖို့ လက်မဝက် သာလို ပါတော့တယ်။

ဒါပေမယ့် ဧရာဝတီ မြစ်ရေ မဝင်အောင် ကာရံထားတဲ့ တာရိုးတွေတော့ မကျိုးနိုင်ဘူးလို့ အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးက တာဝန်ရှိသူ တဦးက ဘီဘီစီကို ပြောပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လည်း ဟင်္သာတမြို့ကို ရောက်ရှိလာ ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကြည့်ရှုလေ့လာ ခဲ့ပါတယ်။

မြို့ပေါ်မှာ လူတွေ ရွှေ့ပြောင်းရတဲ့ အခြေအနေ မရှိသေးပေမယ့် ကျေးရွာတွေမှာ တော့ စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီ တွေလိုအပ် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောက်ဦးမှာ ရေကျသွား ပေမယ့် အိမ်တွေ ပျက်စီး

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, မြောက်ဦးမှာ ရေကျသွား ပေမယ့် အိမ်တွေ ပျက်စီး

ရခိုင်ပြည်နယ် မှာလည်း စစ်တွေနဲ့ မြောက်ဦးမြို့တွေမှာ ကူညီကယ်ဆယ်ရေး တွေ လုပ် နေတဲ့အခြေအနေ တွေကို သမ္မတ ဦးသိန်းစိန် သွားရောက် ကြည့်ရှုခဲ့ပါတယ်။

ကျေးရွာတွေမှာတော့ စားနပ်ရိက္ခာ၊ သောက်ရေနဲ့ ဆေးဝါးတွေ လိုအပ်ဆဲလို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

သြဂုတ်လ ၂ ရက်နေ့ အထိ သိရတဲ့ အချက် အလက်တွေ အရ ရေလွှမ်းမိုးမှုကြောင့် မြန်မာနိုင်ငံ တဝန်း စိုက်ဧက ၅ သိန်းကျော် ရေမြုပ်သွားခဲ့တယ်လို့ ဆန်စပါး လုပ်ငန်းရှင်များ အသင်းက ပြောပါတယ်။