ရခိုင်ရေဘေး လူပေါင်း ၃၀ လောက်သေဆုံး

ဓာတ်ပုံ ရင်းမြစ်, AFP
မြန်မာနိုင်ငံ နေရာအတော်များများမှာ ရေကြီးတဲ့ ဘေးဒုက္ခကြောင့် လူတွေ သေဆုံးမှု မြင့်တက်လာနေပြီး ရခိုင်ပြည်နယ် တခုတည်းမှာတင် လူ ၃၀ လောက် သေဆုံးခဲ့ရပါတယ်။
ဘူးသီးတောင်မြို့နယ် မှာ လူပေါင်း ၁၂ ဦးသေဆုံး ခဲ့ရတယ်လို့ ဒေသတွင်း အစိုးရ အရာရှိတယောက် က ဘီဘီစီ ကိုပြောပါတယ်။
ရခိုင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရဲ့ ပြောကြားချက်အရ မင်းပြားမှာ ၉ ဦး၊ မြောက်ဦးမှာ ၄ ဦး၊ မောင်တောမှာ ၃ ဦး၊ ကျောက်တော် နဲ့ ပုဏ္ဍားကျွန်း တို့မှာ ၁ ဦးစီ ရေဘေး ကြောင့် သေဆုံးခဲ့ရကြောင်း သိရပါတယ်။
နှစ်ပေါင်းများစွာ အတွင်း ရေကြီးတဲ့ ဒဏ် ကို ခံနေရတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
အစိုးရက ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ် စတဲ့ ဒေသတွေ ကို သဘာဝဘေးအန္တရာယ် ကျရောက်နေတဲ့ ဒေသအဖြစ် ကြေညာထားပေမယ့် အစိုးရရဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေး စီမံချက် တွေ မရှိသလောက် ဖြစ်နေတဲ့အပေါ် ဝေဘန်မှုတွေ လည်း ထွက်ပေါ်နေပါတယ်။




