လှေစီးဒုက္ခသည်တွေအတွက် အာဆီယံ နိုင်ငံတွေ ငွေကူမယ်။

ဒုက္ခသည်တွေ ကယ်ဆယ် စောင့်ရှောက်ရေး အတွက် စင်္ကာပူနိုင်ငံက ဒေါ်လာ၂သိန်းနဲ့ ကျန် နိုင်ငံတွေက ဒေါ်လာ၁သိန်းစီ ထည့်မယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, ဒုက္ခသည်တွေ ကယ်ဆယ် စောင့်ရှောက်ရေး အတွက် စင်္ကာပူနိုင်ငံက ဒေါ်လာ၂သိန်းနဲ့ ကျန် နိုင်ငံတွေက ဒေါ်လာ၁သိန်းစီ ထည့်မယ်လို့ဆို

အရှေ့တောင်အာရှ ဒေသတွင်း ကြုံတွေ့ နေရတဲ့ လှေစီး ဒုက္ခသည် ပြဿနာ ကို ကိုင်တွယ်ရေးနဲ့ ပတ်သက်ပြီး မြန်မာ အပါအဝင် အာဆီယံ နိုင်ငံတွေ ရဲ့ ဝန်ကြီး အဆင့် အရေးပေါ် အစည်းအဝေး ကို ဇူလိုင်လ ၂ ရက် နေ့ က မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်မှာ ကျင်းပခဲ့ရာမှာ လူကုန်ကူးမှု တိုက်ဖျက်ရေး အပါအဝင် ဒုက္ခသည်တွေ ကယ်ဆယ် စောင့်ရှောက်ရေး ကိစ္စတွေမှာ ဒေသတွင်းနိုင်ငံတွေ အနေနဲ့ ရံပုံငွေ အသီးသီး ထည့်ဝင် သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကိစ္စ၊ ထိုင်းနဲ့ မလေးရှား အပါအဝင် တခြားဒေသတွင်း နိုင်ငံတွေကို လူမှောင်ခို တင်သွင်းနေတဲ့ ကိစ္စတွေ အပေါ် အာရုံစိုက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဆွေးနွေးခဲ့တဲ့အထဲမှာ ရိုဟင်ဂျာတွေ မြန်မာပြည် ကနေ ထွက်ပြေးနေရတဲ့ အခြေခံ အကြောင်းရင်းကို ဖြေရှင်း နိုင်မယ့် အချက်တွေ မပါခဲ့ဘူးလို့ အာဆီယံ ပါလီမန် အမတ်တွေရဲ့ လူ့အခွင့်အရေးအဖွဲ့ ဥက္ကဌ၊ မလေးရှား ပါလီမန် အမတ် Charles Santiago က ဘီဘီစီကို ပြောပါတယ်။

ရိုဟင်ဂျာ အရေးမှာ မြန်မာနိုင်ငံ က အရင်းခံ ဖြစ်ကြောင်း၊ ဒါပေမယ့် အာဆီယံရဲ့ တနိုင်ငံနဲ့ တနိုင်ငံ ပြည်တွင်းရေး မစွက်ဖက်ရေးမူအရ မြန်မာနိုင်ငံ အပေါ် ရိုဟင်ဂျာ အရေး နဲ့ ပတ်သက်ပြီး ဖိအားမပေးလို ဖြစ်နေတာ တွေ့ရကြောင်း သူက ပြောသွားပါတယ်။

မြန်မာအစိုးရ အနေနဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်နေတယ်၊ ဒီမိုကရေစီ လမ်းကြောင်း ကို သွားနေတယ် ဆိုရင် ရိုဟင်ဂျာတွေအရေးနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းနဲ့ အညီ နိုင်ငံသား ဖြစ်ခွင့်လို ကိစ္စမျိုးတွေ အပါအဝင် လူ့ အခွင့်အရေး ဆိုင်ရာကိစ္စတွေမှာ တိုးတက်ကောင်းမွန်အောင် လုပ်ရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တခါ ဘင်္ဂလားဒေ့ရှ် လှေစီးဒုက္ခသည်တွေ ကိစ္စကို ကြည့်မယ် ဆိုရင်လည်း စီးပွားရေးအရ လှေပေါ်ကို ကိုယ့်သဘောနဲ့ကိုယ် တက်လာကြသူတွေ ရှိသလို လူမှောင်ခို ပွဲစားတွေရဲ့ သားကောင်တွေအဖြစ် လှည့်စားခံရသူတွေလည်း ရှိနေတာမို့ ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ အသေအချာ စုံစမ်း ကိုင်တွယ်ဖို့ အရေးကြီးတယ်လို့ အာဆီယံ ပါလီမန်အမတ် တွေ ရဲ့ လူ့ အခွင့်အရေး ဆိုင်ရာ အဖွဲ့ ဥက္ကဌ ၊ မလေးရှား ပါလီမန်အမတ် Charles Santiago က ပြောပါတယ်။

တနိုင်ငံချင်းစီရဲ့ ပြည်တွင်း ပြဿနာတွေကို ပွင့်ပွင့်လင်းလင်းနဲ့ အဖြေရှာဖို့ မလုပ်ဘူးဆိုရင် အခု ဖြေရှင်းဖို့ ကြိုးစားနေတဲ့ နယ်စပ် ဖြတ်ကျော် ဖြစ်ပေါ်နေတဲ့ ရာဇဝတ်မှုတွေ၊ ကျွန်ပြု ခိုင်းစေခံရမှု ပြဿနာတွေကို ဖြေရှင်းဖို့ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။