ဝဒေသမှာ လုပ်မယ့် တိုင်းရင်းသား ညီလာခံ ကိုးကန့် တက်မယ်

ဓာတ်ပုံ ရင်းမြစ်, Reuters
UWSA ဝဒေသ မှာ လက်ခံ ကျင်းပမယ့် တိုင်းရင်းသား ညီလာခံကို လောလောဆယ် အစိုးရ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ MNDAA မြန်မာနိုင်ငံ တိုင်းရင်းသားများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု အဖွဲ့က တက်ရောက်မယ်လို့ ပြောပါတယ်။
တစ်နိုင်ငံလုံး အပစ်ရပ် သဘောတူ လက်မှတ်ထိုးတဲ့အခါ ပါဝင်သင့်တဲ့ အဖွဲ့တွေ အနေနဲ့ MNDAA အဖွဲ့ ပါဝင်နိုင်အောင် NCCT တိုင်းရင်းသားများ ဘက်က တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့က ဆောင်ရွက် ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း MNDAA ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းက ပြောပါတယ်။
MNDAA ကိုးကန့် အဖွဲ့ဟာ တိုင်းရင်းသား အဖွဲ့ အစည်း တစ်ခု ဖြစ်တယ်၊ တစ်နိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ်ရေးထိုးရာမှာ အားလုံးပါဝင်နိုင်ရင် ပြည့်စုံမယ်လို့လည်း သူက ပြောပါတယ်။
မေလဆန်း ကျရင် UWSA နယ်မြေမှာ ကျင်းပမယ့် တိုင်းရင်းသား ညီလာခံမှာ ကိုးကန့် ဒေသတွင်း ဖြစ်ပွား နေတဲ့ အခြေ အနေတွေကို တင်ပြ ဆွေးနွေးမှာ ဖြစ်တယ်လို့ ဦးထွန်းမြတ်လင်းက ပြောပါတယ်။
တိုင်းရင်းသား အဖွဲ့ အတော်များများက ကိုးကန့် အဖွဲ့ကို အသိအမှတ်ပြုတဲ့ အပြင် စာနာကြတယ်လို့ လည်း သူက ပြောပါတယ်။
ဒါပေမဲ့ အစိုးရကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေမှာ MNDAA ပါဝင်ဖို့ကို လက်မခံပါဘူး။




