ဆန္ဒပြ ကျောင်းသားတွေကို မြင်းခြံ ရဲစခန်းက အမှုဖွင့်

အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ပေးဖို့ ကျောင်းသားတွေက တောင်းဆိုနေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ပေးဖို့ ကျောင်းသားတွေက တောင်းဆိုနေ

အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ လမ်းလျှောက် ချီတက် ဆန္ဒပြနေကြတဲ့ ကျောင်းသားအဖွဲ့ကို မြင်းခြံမြို့မ ရဲစခန်းက နိုင်ငံတော် အလံ ဥပဒေ ပုဒ်မ၁၆ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ်လို့ အစိုးရ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန္နဝါရီလ ၂၀ရက်နေ့ကစလို့ မန္တလေးမြို့ကနေ စတင် လမ်းလျှောက် ဆန္ဒပြလာကြတဲ့ ကျောင်းသားအဖွဲ့ဟာ မြင်းခြံမြို့ကို ရောက်ရှိလာခဲ့ရာမှာ ဇန္နဝါရီလ ၂၆ရက် နေ့လည်မှာ မြင်းခြံ ဒီဂရီ ကောလိပ် ကျောင်းဆောင်ရှေ့မှာ လွှင့်ထူထားတဲ့ နိုင်ငံတော် အလံကို ဖြုတ်ချပြီး ကျောင်းသား သမဂ္ဂ အလံကို လွှင့်ထူခဲ့တဲ့အတွက် အခုလို အမှုဖွင့် အရေးယူ ဆောင်ရွက် နေတာလို့ ဆိုပါတယ်။

ဆန္ဒပြ ကျောင်းသား အဖွဲ့ကတော့ ဒီကနေ့မှာ မြင်းခြံမြို့ကနေ တောင်သာမြို့ဆီ ဆက်လမ်းလျှောက် ချီတက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ကျောင်းသားတွေ ကန့်ကွက် နေတဲ့ အမျိုးသား ပညာရေး ဥပဒေ ကို ပြန်လည် ပြင်ဆင် စရာ ရှိတာ ပြင်ဆင်ဖို့ သမ္မတ ဦးသိန်းစိန်က လွှတ်တော် ကို ပြီးခဲ့တဲ့ သီတင်းပတ်က သဝဏ်လွှာ ပို့ခဲ့ပါတယ် ။

အဲဒီနောက်မှာတော့ လွှတ်တော်က ပညာရေး ဝန်ကြီးဌာန ကို အမျိုးသား ပညာရေး ဥပဒေ ကို ပြန်လည် ပြင်ဆင်တဲ့ ဥပဒေကြမ်း တင်ပြဖို့ ဇန်နဝါရီ ၂၂ ရက် နေ့က ပြန်လည် လွှဲအပ်ခဲ့ပါတယ်။