အရှင်ဝီရသူရဲ့ ရုန့်ရင်းတဲ့ ပြောဆိုမှု အပေါ် တုံ့ပြန်မှုများ

Burmese Monk U Wirathu

ဓာတ်ပုံ ရင်းမြစ်, AFP Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ ကုလ အရာရှိကို ဦးဝီရသူ ဆန့်ကျင်

မြန်မာ နိုင်ငံက သာသနာ့ ဝန်ထမ်း သံဃာ တစ်ပါးက ကုလ သမဂ္ဂလူ့အခွင့် အရေး အရာရှိကြီး တစ်ယောက်ကို ရုန့်ရင်း ကြမ်းတမ်းတဲ့ အသုံး အနှုန်း တွေနဲ့ ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ အခုရက်ပိုင်း အတွင်း ပြည်တွင်း ပြည်ပမှာ ဂယက်ရိုက် သွားခဲ့ပါတယ်။

ဇန်နဝါရီ လဆန်းက မြန်မာ နိုင်ငံကို လာရောက်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့် အရေးဆိုင်ရာ အထူး စုံစမ်း စစ်ဆေးရေးမှူး မစ္စ ယန်ဟီလီကို အရှင် ဝီရသူက ပြောဆိုသုံးနှုန်း ခဲ့တာတွေဟာ ရဟန်း တစ်ပါး ပြောသင့် ပြောအပ်တာမျိုး မဟုတ်ဘူးလို့ ရန်ကုန်မှာ ရောက်နေတဲ့ လန်ဒန် ဆရာတော် ဦးဥတ္တရက မိန့်ပါတယ်။

ဒီပြောဆိုမှုကို ကြားရတာ သူ့အနေနဲ့ အံ့အားသင့်မိသလို စိတ်မကောင်းလည်း ဖြစ်မိတယ်၊ မြန်မာ နိုင်ငံက ဗုဒ္ဓဘာသာ သံဃာတော်တွေရဲ့ ပုံရိပ်ကိုလည်း ထိခိုက် စေတယ်လို့ ဆရာတော် ဦးဥတ္တရက မိန့်ပါတယ်။

အခုချိန်ထိတော့ အစိုးရပိုင်းက ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လို ကိုင်တွယ် ဆောင်ရွက် နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး

သံဃာတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို တာဝန်ယူ ကိုင်တွယ် ဖြေရှင်းရတဲ့ သံဃာ့ မဟာ နာယက အဖွဲ့ကလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ လောလောဆယ် တစုံတရာ ကိုင်တွယ် ဆောင်ရွက်မှုတွေ မရှိသေးပါဘူး။

ဒီကိစ္စမျိုးကို တစုံတစ်ယောက်က တိုင်ကြားမှု ရှိမှသာ သံဃာ့မဟာနာယက အဖွဲ့က ကိုင်တွယ် ဖြေရှင်းလေ့ရှိတယ်လို့ သာသနာရေး ဝန်ကြီးဌာန သာသနာရေးနဲ့ ဝိနိစ္ဆယ ဌာန ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က ဘီဘီစီကို ပြောပါတယ်။

သံဃာ တစ်ပါး အနေနဲ့ သုံးနှုန်း ပြောဆိုဖို့ မသင့်ဘူးဆိုတာ ဝေဖန် ထုတ်ဖော် ပြောဆိုဖို့ ပြည်သူတွေ အပိုင်းကလည်း တွန့်ဆုတ်နေကြတာ တွေ့ရတာနဲ့ ပါတ်သက်လို့ မန္တလေးက စာရေးဆရာ ဦးကျော်ရင်မြင့်က တော့ မြန်မာ နိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု မရှိတာနဲ့ ဘာသာရေးနဲ့ ပတ်သက်လာရင် အကဲဆတ်လွန်းတဲ့ အတွက် မပြောရဲကြတာလို့ ပြော ပါတယ်။

အစိုးရပိုင်းက ကိုင်တွယ် ဆောင်ရွက်မှု မရှိတာ၊ ပြည်သူအများက ထောက်ပြ ပြောဖို့ စိုးရွံ့နေတာ တွေဟာ တိုင်းပြည် အတွက် အန္တရာယ် ကြီးမားသလို မြန်မာ့ လူ့အဖွဲ့ အစည်း အတွက်လည်း အန္တရာယ် ကြီးတယ်လို့ သူက ပြောပါတယ်။