လက်ပံတောင်းကြောင့် EITI ဝင်ဖို့ နှေးနိုင်

Letpadaung protest

ဓာတ်ပုံ ရင်းမြစ်, burmese

ဓာတ်ပုံ ပုံစာ, စီမံကိန်းရပ်ပေးဖို့ ဒေသခံတွေက ဆန္ဒပြ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဒေသခံတွေကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့တဲ့ အတွက် မြန်မာနိုင်ငံက အဖွဲ့ဝင်ဖြစ်ဖို့ ကြိုးပမ်းနေတဲ့ နိုင်ငံတကာ အသိအမှတ်ပြု Extractive Industries Transparency Initiative (EITI) သဘာဝသယံဇာတများ ပွင့်လင်းမြင်သာစွာ ထုတ်ယူအသုံးပြုတဲ့ နိုင်ငံများ ထဲ ပါဝင်ဖို့ အခက်အခဲတွေ ရှိလာလိမ့်မယ်လို့ မြန်မာ နိုင်ငံ အရပ်ဘက် အဖွဲ့အစည်းတွေကို ကိုယ်စားပြု သူ တွေက ပြောကြားလိုက်ပါတယ်။။

အီးအိုင်တီအိုင် အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းနေမှုမှာ အစိုးရ ရယ် ကုမ္ပဏီတွေရယ်နဲ့ အတူ ပါဝင်တဲ့ အရပ်အဖက်လူ့အဖွဲ့အစည်း ကိုယ်စားလှယ်တွေက သူတို့ ဆက်လက်ပါဝင်ဖို့ ဆန္ဒမရှိတော့ဘူးလို့ ဆိုပါတယ်။

ကြေးနီစီမံကိန်းအတွက် ပြည်သူတွေကို သွေးထွက်သံယိုမှုရှိအောင် ပြုလုပ်ခဲ့တာဟာ EITI စည်းမျဉ်းနဲ့ ဆန့်ကျင်ဖက် ဖြစ်ရာ ရောက်သလို လျော်ကြေးမယူသေးတဲ့ မြေယာတွေကို သိမ်းယူ တယ်ဆိုတာကလည်း ပွင့်လင်းမြင်သာမှု မရှိတာကို ပြရာရောက်တယ်လို့ အရပ်ဖက်လူ့အဖွဲ့အစည်း ကိုယ်စားလှယ်တစ်ဦးဖြစ်သူ EcoDev အဖွဲ့ရဲ့ ဒါရိုက်တာ ဦးဝင်းမျိုးသူက ဘီဘီစီကို ပြောပါတယ်။

Letpadaung protest

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, ရဲတွေက ကုမ္ပဏီကို အကာအကွယ်ပေးနေတယ် ဆိုပြီး ဒေသခံတွေက မကြေနပ်

မြန်မာ့တွင်းထွက်သယံဇာတတွေကို ပွင့်လင်းမြင်သာမှု ရှိရှိ ထုတ်ယူ အသုံးပြုခြင်းဟာ နိုင်ငံအတွက် အကျိုးရှိပါတယ်လို့ ပြောဆိုဆွေးနွေးနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို အခြအခါ လူထုက မေးခွန်းထုတ်လာကြတော့မှာ ဖြစ်တဲ့ အတွက် လူထုအခြေပြုတဲ့ အရပ်ဖက်အဖွဲ့တွေ အနေနဲ့ လူထုဘက်ကို ရပ်တည်ရမှာ ဖြစ်တယ်လို့လည်း ဦးဝင်းမျိုးသူက ပြောပါတယ်။

ဒါကြောင့် အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေက အစိုးရရဲ့ လက်ပံတောင်းအရေး ကိုင်တွယ်ပုံကို ပြစ်တင်ဝေဖန်တဲ့ ထုတ်ပြန်ချက်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ လောလောဆယ် EITI ရဲ့ အဖွဲ့ဝင်အဖြစ် လျှောက်ထားဆဲ ဖြစ်ပါတယ်။ အဖွဲ့ဝင် ဖြစ်ဖို့ အတွက် မြန်မာအစိုးရပိုင်းရယ်၊ လုပ်ငန်းရှင်ပိုင်းနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ အာလုံးရဲ့ သဘောတူညီချက် ရှိမှသာ ၀င်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

အဖွဲ့ဝင်အဖြစ်လျှောက်ထားပြီးချိန်ကစလို့ ၁၈ လအတွင်း အဲဒီနိုင်ငံရဲ့ အခြေအနေတွေကို အစီရင်ခံစာပြုစုတင်သွင်းရပါတယ်။ ဒီ အစီရင်ခံစာ အပေါ် EITI အုပ်ချုပ်ရေးအဖွဲ့က ကြေနပ်မှုရှိပါမှ အဖွဲ့ဝင် ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။