အပစ်ရပ်ရေးအတွက် ဒီဇင်ဘာ ၂၂ရက်မှာ ဆွေးနွေးမယ်။

မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ကျင်းပနိုင်ရေးအတွက် NCCT တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ MPC မြန်မာ ငြိမ်းချမ်းရေး စင်တာ အဖွဲ့တို့ ချင်းမိုင်မြို့မှာ ဒီကနေ့ ဒီဇင်ဘာလ ၁၅ရက်နေ့က အကြို ညှိနှိုင်းခဲ့ကြပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ တို့ ခရစ္စမတ် မတိုင်ခင် ရန်ကုန်မှာ ဆွေးနွေးဖို့ ရာထားတယ်လို့ NCCT အဖွဲ့ဝင် ဦးခွန်ဥက္ကာက ဘီဘီစီကို ပြောပါတယ်။
ဒီဇင်ဘာလ ၂၂ရက်၊ ၂၃ရက်နေ့လောက် တွေ့ဆုံ ဆွေးနွေးကြဖို့ အစိုးရဘက်က ဖိတ်ခေါ်ထားပြီး NCCT အဖွဲ့ဝင် တချို့ ရန်ကုန်မြို့ကို သွားမှာ ဖြစ်ကြောင်း၊ KIA လိုင်ဇာ ဌာနချုပ် ဗိုလ်လောင်းသင်တန်း အစိုးရတပ်တွေရဲ့ ပစ်ခတ် ခံခဲ့ရတဲ့ ကိစ္စနဲ့ အပစ်အခတ် ရပ်စဲရေး ကိစ္စတွေကို ဆွေးနွေးဖို့ ရှိကြောင်း သူက ပြောပါတယ်။
အပစ်ရပ်ရေး စာချုပ် လက်မှတ်ထိုးဖြစ်ဖို့ နဲ့ ငြိမ်းချမ်းရေး ဆက်ဆွေးနွေးဖို့ နှစ်ဘက်စလုံးမှာ စိတ်ဆန္ဒ ရှိကြပေမယ့် နိုင်ငံရေး ရာသီဥတု သာယာမှ ဆွေးနွေးပွဲ ဖြစ်မြောက်မယ်လို့ ဆိုပါတယ်။
တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ်မှာ ပါမယ့် အချက်အလက် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ အတော်လေး ပြေလည်မှုရှိ ပေမယ့်လည်း နှစ်ဘက်အကြား ပစ်ခတ်မှုတွေ သေဆုံးမှုတွေ ဖြစ်ခဲ့တာက ဆွေးနွေးရမယ့် အချက်တွေ ဖြစ်လာနေပါတယ်။




