ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်ဖို့ မသေချာ သေးကြောင်း NCCT ပြော

တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု ဖြစ်တဲ့ NCCT ဘက်က တောင်းဆိုထား တဲ့ အချက်တွေ အပေါ် မြန်မာ အစိုးရက တိကျတဲ့ အာမခံချက် နဲ့ တုန့်ပြန်မှု မပေးမချင်း၊ ငြိမ်းချမ်းရေး အတွက် နောက်တစ်ကြိမ် တွေ့ဆုံကြဖို့ NCCT အနေနဲ့ ဆုံးဖြတ်နိုင်မှာ မဟုတ်ဘူး လို့ NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဘီဘီစီ ကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက ဖြစ်ခဲ့တဲ့ ကချင် လက်နက်ကိုင် ကေအိုင်အေ ဌာနချူပ် ရှိရာ လိုင်ဇာက စစ်သင်တန်း ကျောင်းကို အစိုးရတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ဗိုလ်လောင်း ၂၀ ကျော် ကျဆုံး ခဲ့ရတဲ့ အဖြစ်အပျက် အပေါ် အစိုးရဘက်က တာဝန်ယူ ဖြေရှင်းတာမျိုး၊ နောင် အလားတူ ဖြစ်ရပ်တွေ မပေါ်ပေါက်အောင် အာမခံတာမျိုး လုပ်ဖို့ ပျက်ကွက်နေဆဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် NCCT ခေါင်းဆောင်တွေ အနေနဲ့ အစိုးရက ဖိတ်ခေါ်ထားတဲ့ လာမယ့် ဒီဇင်ဘာ ၂၈ တွေ့ဆုံပွဲကို သွားရောက် တက်ဖို့ မတက်ဖို့ မဆုံးဖြတ် ရသေးတာ ဖြစ်တဲ့ အကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုပါတယ်။
၂ ဘက်အကြား တွေ့ဆုံခဲ့တဲ့ စက်တင်ဘာ အစည်းအဝေး တုန်းကလည်း ၊ အစိုးရဘက်က အရင် သဘောတူ ထားတဲ့ အရာတွေ အပေါ် ပြန်လည် ပယ်ဖျက်တာမျိုး ပြုလုပ်ခဲ့တဲ့ အတွက်၊ နောင် တွေ့ဆုံကြတဲ့ အခါ တတိယ ကြားလူ သက်သေတွေ ထားရှိဖို့လည်း NCCT ဘက်က တောင်းဆို ထားပါတယ်။




