တအန်းပလောင်နဲ့ အစိုးရတပ် အကြား ၁၀ ရက် အတွင်း တိုက်ပွဲ ၇ ကြိမ်ဖြစ်

ဓာတ်ပုံ ရင်းမြစ်, tnla
ရှမ်းပြည် မြောက်ပိုင်း တအန်း ပလောင် ဒေသမှာ ဒေသခံ တအန်း လက်နက်ကိုင် အဖွဲ့ TNLA နဲ့ အစိုးရ တပ်တွေ အကြား ရင်ဆိုင် တိုက်ပွဲတွေ ဆက်တိုက် ဆိုသလို ဖြစ်ပေါ် နေခဲ့တာမှာ အခု ဒီဇင်ဘာ လထဲမှာ တိုက်ပွဲ ၇ ကြိမ် ရှိနေပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂ ရက် ကပဲ တအန်း ၊ ကချင်နဲ့ ကိုးကန့် တပ်ပေါင်းစု တွေနဲ့ အစိုးရတပ် တို့ တာမိုးညဲ မြို့နယ် ထဲမှာ တနေကုန် နီးပါး တိုက်ခိုက် ခဲ့ကြပါတယ်။
အခုလို တိုက်ပွဲတွေ ကြောင့် ဒေသခံတွေ အနေနဲ့ မိမိတို့ရဲ့ ရွာတွေကို စွန့်ခွာ ပြေးနေရပြီး၊ တိုက်ပွဲ ငြိမ်သက်တဲ့ ကာလမှ နေရပ်ရင်းကို ပြန်လာ နေကြရပါတယ်။
အပစ် ရပ်နိုင်ရေး အတွက် ၂၀၁၃ ဂျူလိုင်လတုန်းက TNLA နဲ့ အစိုးရ အကြား တွေ့ဆုံခဲ့ပေမယ့် သဘော တူညီချက် တစုံတရာ မရနိုင်ခဲ့ဘူး ဆိုပြီး TNLA ပြန်ကြားရေး တာဝန်ခံ မိုင်အိုက်ကျော် က ဘီဘီစီကို ပြောပါတယ်။
အစိုးရနဲ့ ဆွေးနွေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု NCCT အထဲ မှာလည်း တအန်း အဖွဲ့ ပါဝင်ပေမယ့်၊ ငြိမ်းချမ်းရေး သဘောတူမှု မရနိုင် ဖြစ်နေတဲ့ အချိန်မှာ အခုလို စစ်ရှိန် လျှော့မချနိုင် ဖြစ်နေရကြောင်း မိုင်အိုက်ကျော် က ဆိုပါတယ်။




