ဦးသန့်အရေးအခင်း နှစ် ၄၀ ပြည့်

ဓာတ်ပုံ ရင်းမြစ်, UN
ဦးသန့် အရေးအခင်း ကနေ ပေါက်ဖွားခဲ့တဲ့ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး စိတ်ဓာတ်ဟာ ကျောင်းသားတွေ ကြားမှာ အခုချိန်ထိ ကွယ်ပျောက် မသွားခဲ့ဘူးလို့ ဦးသန့် အရေးအခင်းကို ကိုယ်တိုင် ကြုံတွေ့ရသူ ဓာတ်ပုံဆရာ ဦးထိန်ဝင်းက ပြောပါတယ်။
ဆေးကျောင်းကနေ ထွက်ပြီးနောက် ဦးသန့်အရေးအခင်း ဖြစ်တဲ့အချိန်မှာ ရန်ကုန် တက္ကသိုလ်မှာ ဓာတ်ပုံဆရာ တစ်ဦး အဖြစ် လုပ်နေသူ ဦးထိန်ဝင်းက သူကြုံတွေ့ရတဲ့ အရေးအခင်းကို ပြန်ပြောင်း ပြောပြတာ ဖြစ်ပါတယ်။
နို၀င်လာလ ၂၅ ရက်မှာ နယူးယောက် မြို့မှာ ကွယ်လွန်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ကို ရန်ကုန်မြို့ကို ပြန်သယ်လာပြီး အစိုးရက ကြံတော သုသာန်မှာ သဂြိုဟ်ဖို့ အစပိုင်းမှာ ကြေညာခဲ့ပါတယ်။
ဒါပေမယ့် ဒီဇင်ဘာ ၅ ရက်မှာတော့ တက္ကသိုလ် ကျောင်းသားတွေက ကျိုက္ကဆံကွင်းမှာ ရှိနေတဲ့ ဦးသန့် ရုပ်အလောင်းကို ရန်ကုန် တက္ကသိုလ်ဝင်း အတွင်းကို အတင်းအကျပ် သယ်ယူ လာခဲ့ကြပါတယ်။
ဦးထိန်ဝင်းဟာ ကျောင်းသားတွေနဲ့အတူ ကျိုက္ကဆံကွင်း အထိ လိုက်သွားခဲ့ပြီး နောင်မှာ သမိုင်းသက်သေ ဖြစ်နိုင်မယ့် ဓာတ်ပုံတွေကို ရိုက်ကူးခဲ့ပါတယ်။
ဦးသန့် ရုပ်အလောင်းကို ကျောင်းသားသမဂ္ဂ နေရာမှာ ကျောင်းသားတွေက ဂူသွင်း သင်္ဂြိုဟ်တဲ့ အခါမှာတော့ အစိုးရဘက်နဲ့ ကျောင်းသားတွေ ထိပ်တိုက်တွေ့ပြီး ကျောင်းသား အများအပြားလည်း ဖမ်းဆီး ထောင်ချခံရပါတယ်။
ဦးထိန်ဝင်းရဲ့ တချို့ ဓာတ်ပုံတွေဟာ ပုန်းလျှိုး ကွယ်လျှိုးနဲ့ ရိုက်ခဲ့ရတာ ဖြစ်သလို တချို့ ဓာတ်ပုံတွေကလည်း အခုလို နှစ် ၄၀ ကြာတဲ့ အချိန်မှာ ပျောက်ပျက်သွားတယ်လို့ သူက ပြောပါတယ်။
သူ မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတွေနဲ့ တခြားသူတွေရဲ့ ဆောင်းပါးတွေ စုပေါင်းပြီး မကြာခင် စာအုပ်ထုတ်သွားမယ်လို့ ဦးထိန်ဝင်းက ပြောပါတယ်။








