လူသတ်မှု စွဲချက် တင်နိုင်ရေး စတင် ကြားနာ

ဓာတ်ပုံ ရင်းမြစ်, Reuters
ထိုင်းနိုင်ငံမှာ ဗြိတိသျှ လူမျိုး ၂ ဦးကို သတ်ဖြတ် ခဲ့မှုနဲ့ မြန်မာ အလုပ်သမား ၂ ယောက်ကို စွဲချက် တင်နိုင်ရေး ကြားနာ စစ်ဆေးမှုကို အချိန် ဆိုင်းထားဖို့ အတွက် သူတို့ ရှေ့နေတွေက လျှောက်လဲ ခဲ့ပေမယ့် မအောင်မြင်ဘဲ ကြားနာ စစ်ဆေးမှု စတင် ခဲ့ပါတယ်။
မြန်မာ အလုပ်သမားတွေရဲ့ ရှေ့နေတွေက သူတို့ ခုခံ ချေပ နိုင်ဖို့ သူတို့ကို ပေးတဲ့ ပြင်ဆင်ချိန် နည်းလွန်းတယ်လို့ ပြောပါတယ်။
ဒီကနေ့မှာပဲ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီးနဲ့ ဗြိတိန်နိုင်ငံ သံမတ်ကြီးတို့ တွေ့ဆုံ ခဲ့ပြီး နှစ်ဘက် သတင်း အချက် အလက် ဖလှယ်ဖို့ သဘောတူ ခဲ့ကြပါတယ်။
အဲဒီနောက် သံအမတ်ကြီး နှစ်ယောက်က ထိုင်းရဲချုပ်နဲ့ တွေ့ဆုံခဲ့ရာမှာ နိုင်ငံတော် အဆင့် စုံစမ်း စစ်ဆေးမှု လုပ်ဆောင်ပါမယ့် အကြောင်း ထိုင်းရဲချုပ်က ကတိပေးတယ်လို့ ဆိုပါတယ်။
Hannah Witheridge နဲ့ David Miller တို့ သတ်ဖြတ် ခံခဲ့ရမှုမှာ ထိုင်းရဲတွေရဲ့ ကိုင်တွယ် စစ်ဆေးပုံနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။
တချို့ ဝေဖန်သူတွေက ထိုင်းရဲတွေဟာ သူတို့ နိုင်ငံအတွက် အရေးကြီးတဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို ထိခိုက်မှာ စိုးရိမ်တဲ့ အတွက် ကြားလူကို အပြစ်ကျအောင် လုပ်တာလို့ ပြောနေပါတယ်။




