အကျဉ်းသား ၃ ထောင်ကျော် လွတ်ငြိမ်း ချမ်းသာခွင့်ရ

ပြန်လွတ်လာသူ အများစု ကတော့ ရာဇဝတ်မှု နဲ့ အပြစ် ကျခံ နေရသူတွေ ဖြစ်ကြပါတယ်
ဓာတ်ပုံ ပုံစာ, ပြန်လွတ်လာသူ အများစု ကတော့ ရာဇဝတ်မှု နဲ့ အပြစ် ကျခံ နေရသူတွေ ဖြစ်ကြပါတယ်

မြန်မာ နိုင်ငံ က အကျဉ်းထောင် အသီးသီးမှာ ပြစ်ဒဏ် ကျခံ နေရတဲ့ အကျဉ်းသား ၃၀၀၀ ကျော် ကို သမ္မတ ဦးသိန်းစိန် ကနေ အင်္ဂါနေ့မှာ လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက် ပါတယ်။

ပြန်လွတ် လာသူတွေ ထဲမှာ အရင် ထောက်လှမ်းရေး တပ်ဖွဲ့က ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းဆွေ၊ ဗိုလ်ချုပ် ကြီးဟောင်း ဦးခင်ညွန့်ရဲ့ ကိုယ်ရေး အရာရှိ ဗိုလ်မှူး နိုင်ဌေး၊ မြိတ် အကျဉ်းထောင် က ဗိုလ်မှူးကြီး အောင်ဇော် နဲ့ ဗိုလ်မှူးကြီး မင်းသူ တို့အပြင် ဗိုလ်မှူးကြီး အောင်ကျော်မိုး တို့လည်း ပါဝင် ပါတယ်။

ဒါပေမယ့် လည်း အများစု ကတော့ ရာဇဝတ်မှုနဲ့ ပြစ်ဒဏ် ကျခံ နေသူတွေ ဖြစ်ပါတယ်။ ဒီ ပြန်လွတ် အကျဉ်းသား တွေဟာ မြန်မာ နိုင်ငံသား ၃၀၁၅ ဦး နဲ့ နိုင်ငံ ခြားသား ၅၈ ဦး တို့ ဖြစ်ကြ ပါတယ်။

မြင်းခြံ အကျဉ်းထောင်က လွတ်မြောက် လာပြီး ရန်ကုန် မြို့ကို လေယာဉ်နဲ့ ရောက်ရှိ လာတဲ့ ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းဆွေ က တော့ သမ္မတကြီးကို ကျေးဇူးတင် တယ်လို့ ရန်ကုန် လေဆိပ်မှာ သတင်းထောက် တွေကို ပြောကြားပါတယ်။

သမ္မတ ဦးသိန်းစိန် လက်ထက်မှာ နိုင်ငံရေး အကျဉ်သား အများစုကို ပြုပြင် ပြောင်းလဲ ရေး လုပ်ငန်းစဉ် တစိတ် တပိုင်း အနေနဲ့ ပြန်လွှတ် ပေးခဲ့ပြီ လည်း ဖြစ်ပါ တယ်။

ဒါပေမယ့်လည်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ ဖြစ်တဲ့ Amnesty International အဖွဲ့ကတော့ ဦးသိန်းစိန် အစိုးရဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူ တွေကို ဆက်လက် ဖမ်းဆီး ထောင်ချ နေဆဲ ဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။