တနိုင်တပိုင် ပြည်တွင်းNGO တွေရဲ့ လုပ်ငန်း

304x171_bbc
ဓာတ်ပုံ ပုံစာ, မြန်မာပြည်မှာ ဆေးခန်း နဲ့ ကျောင်း လိုအပ်

မြန်မာနိုင်ငံ အတွက် ဗြိတိန်က DFID အပါ အဝင် ကမ္ဘာ့ကုလသမဂ္ဂ နဲ့ ကမ္ဘာ့ဘဏ် စတဲ့ နိုင်ငံတကာ အဖွဲ့အစည်း ကြီး တွေ၊ အန်ဂျီအို တွေ က အကူ အညီတွေ ပေးတဲ့ နေရာ မှာ၊ အခု သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာ ပြီး ပြုပြင် ပြောင်းလဲမှု တချို့ လုပ်ခဲ့တဲ့ အချိန်က စလို့ အကူ အညီ တွေ ပိုမို ရရှိ လာပါတယ်။

တချိန်တည်း မှာ ပဲ ပြည်တွင်းမှာ တပိုင် တနိုင် လုပ်ကြတဲ့၊ ပရဟိတ အဖွဲ့တွေ အပါ အဝင် NGO အသေးစားတွေ ကလည်း၊ တတ်နိုင် သမျှ အကူ အညီ ပေးမှု တွေ ကို ဆောင်ရွက် လာခဲ့ ကြတာ ဖြစ်ပါတယ်။

ဒီနေရာ မှာ နိုင်ငံ တကာ အဖွဲ့ အစည်းကြီးတွေရဲ့ အကူ အညီပေး မှုတွေဟာ မြန်မာ နိုင်ငံက တကယ့် အကူအညီ လိုအပ်သူတွေ၊ ဆင်းရဲသား ပြည်သူတွေ အတွက် ထိထိ ရောက်ရောက် မလုပ်နိုင်ခဲ့ဘူး ဆိုတဲ့ ဝေဖန်မှုတွေ လည်း ပေါ်ထွက်လာနေပါတယ်။

ဒီလို ဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး တော့ မြန်မာနိုင်ငံ အတွက် တပိုင် တနိုင် ကူညီမှုတွေ ဆောင်ရွက်မှုတွေ လုပ်နေတဲ့ ဗြိတိန်က Helping the Burmese Delta ပရဟိတ အဖွဲ့ တည်ထောင်သူ၊ ဒေါ်မေသာလှ က တော့ အခုလို သူ့ရဲ့ ကိုယ်တွေ့ အမြင်ကို ပြောပြ ရာမှာ၊ NGO အဖွဲ့ကြီးတွေ အနေနဲ့ ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီး တွေမှာ ထိရောက်စွာ လုပ်ကိုင်နိုင်တာ မြင်ရကြောင်း၊ မြို့ငယ်လေးတွေ၊ မရှိဆင်းရဲ များတဲ့ အရပ်မှာ NGO အဖွဲ့ကြီးတွေရဲ့ ကူညီ ထောက်ပံ့မှု မရှိကြောင်း ဒေါ်မေသာလှ က ဘီဘီစီ ကို ပြောပါတယ်။

ဒါပေမယ့်လည်း တကယ်တမ်းမှာတော့ အကူအညီပေးတဲ့ နိုင်ငံတကာ အဖွဲ့အစည်းအကြီးတွေ အနေနဲ့၊ ပြည်တွင်း တပိုင်တနိုင် အကူအညီပေး နေတဲ့ အဖွဲ့တွေနဲ့ တိုင်ပင် ဆွေးနွေး ညှိနှိုင်းမှုတွေ၊ မရှိ သလောက်ကို ဖြစ်နေတာ ကို ကြုံတွေ့ရတယ်လို့ ဒေါ်မေသာလှ က ပြောပါတယ်။

မြန်မာနိုင်ငံ မှာ ပညာရေး နဲ့ ကျန်းမာရေး အပိုင်းမှာ ကူညီ ပံ့ပိုး ပေးစရာ တွေ အများကြီး ရှိနေကြောင်း၊ လုပ်ပေးနိုင်တဲ့ နေရာတွေ လည်း အများအပြား ကျန်နေသေးကြောင်း ရှင်းပြပါတယ်။

ဒီတော့ မြန်မာနိုင်ငံမှာ တကယ့်ကို လိုအပ်ချက်ရှိနေတဲ့ အများပြည်သူ အတွက် ထိထိ ရောက် ရောက် ကူညီနိုင်ဖို့ ကတော့ အကူ အညီ ပေးနေတဲ့ အဖွဲ့ ကြီးငယ် မရွေး ကွန်ဖရင့်ပုံစံ ဆွေးနွေးပြီး၊ ပူပေါင်းဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ ဒေါ်မေသာလှက သုံးသပ်သွား ပြောဆိုသွားပါတယ်။