လူ့အခွင့်အရေးရုပ်ရှင်ပွဲ ခြိမ်းခြောက်ခံရ

မြန်မာနိုင်ငံ မှာ ဇွန်လ ၁၅ ရက်နေ့ ကနေ ၁၉ ရက်နေ့ထိ ကျင်းပနေ တဲ့၊ ဒုတိယ အကြိမ်မြောက် လူ့အခွင့်အရေး နဲ့ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် မှာ ပြသမယ့်၊ မှတ်တမ်း ရုပ်ရှင် ကားတွေ ထဲက၊ ‘အမိုးမရှိတဲ့ ကောင်းကင်’ လို့ အမည် ပေးထားတဲ့ မှတ်တမ်းရုပ်ရှင် ကို၊ ခြိမ်းခြောက် တဲ့ စာတွေ ရောက်လာတဲ့ အတွက် မပြသဖို့ ရုပ်ရှင်ပွဲတော် ဖြစ်မြောက်ရေး စီစဉ်သူတွေ က ဆုံးဖြတ် လိုက်ပါတယ်။
အဲဒီ့ ရုပ်ရှင်ကား ကို လူငယ်လေး ၃ ဦး က ရိုက်ကူးခဲ့တာ ဖြစ်ပြီး၊ ဘာသာမတူသူ အမျိုးသမီးကြီး ၂ဦးအကြား က၊ တစ်ဦးကို တစ်ဦး စောင့်ရှောက်မှု၊ ကူညီမှု၊ ချစ်ခြင်းမေတ္တာ ကို ဖော်ကျူးထားတာ ဆိုပြီး၊ ဒီရုပ်ရှင်ပွဲတော် ကို စီစဉ်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီး က ပြောပါတယ်။
ဒီရုပ်ရှင်ကား ကို ကြည့်ဖူးခြင်းလည်း မရှိပဲ၊ တဆင့်စကားတွေ နဲ့၊ အစ္စလာမ်နိုင်ငံများ ပူပေါင်း ဆောင်ရွက်ရေး အဖွဲ့ OIC ရဲ့ ငွေကြေးထောက်ပံ့မှု နဲ့ ဒီကားကို ရိုက်ကူးခဲ့တာ ဆိုတဲ့ လွဲမှားတဲ့ သတင်း စကားမျိုးတွေ အပြင်၊ ရုပ်ရှင်ရုံ ကို မီးရှို့မယ်၊ ရုပ်ရှင် ရိုက်သူကို သတ်မယ် ဖြတ်မယ် ဆိုတဲ့၊ မုန်းတီးရေး စကားတွေ၊ လှုံ့ဆော်မှုတွေ ဟာ ဖေ့စ်ဘွတ်ခ်ကဲ့သို့၊ လူမှုကွန်ယက် စာမျက်နှာတွေ မှာ ပျံ့နှံ့ လာခဲ့တဲ့ အတွက်၊ စိုးရိမ်မှု တွေ ဖြစ်ပေါ် လာရတာ ဆိုပြီး၊ မင်းထင်ကိုကိုကြီး က ပြောပါတယ်။
ဒီရုပ်ရှင်ပွဲတော် မှာ ပြည်တွင်းရုပ်ရှင် ၃၂ ကား၊ အာဆီယံရုပ်ရှင် ၉ကား နဲ့ နိုင်ငံတကာရုပ်ရှင်၂၆ကား စုစုပေါင်း ၆၇ကား ပြသ မှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းဆုကြည် ဆု၊ မင်းကိုနိုင် ဆု၊ Vaclav Havel Library ဆု၊ Peter Wintonick ဆု စတဲ့ ဆု ၇ ဆုအပြင် ဟံသာဝတီ ဦးဝင်းတင်ဆု ကို ဒီနှစ် ထည့်သွင်း ချီးမြှင့် မှာ ဖြစ်ပါတယ်။




