ရိုဟင်ဂျာ လက်နက်ကိုင်တွေနဲ့ မြန်မာ နယ်စောင့်တပ် တိုက်ပွဲဖြစ်

နယ်စပ် ဖြတ်ကျော် ဝင်လာတဲ့ RSO သူပုန်တွေနဲ့ မြန်မာ နယ်စောင့်တပ်အကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ မကြာခဏ ဖြစ်

ဓာတ်ပုံ ရင်းမြစ်, rso

ဓာတ်ပုံ ပုံစာ, နယ်စပ် ဖြတ်ကျော် ဝင်လာတဲ့ RSO သူပုန်တွေနဲ့ မြန်မာ နယ်စောင့်တပ်အကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ မကြာခဏ ဖြစ်

မြန်မာ ဘင်္ဂလားဒက်ရှ် နယ်စပ် မှတ်တိုင် ၄၅နဲ့ ၅၀ အကြားမှာ စနေနေ့ မနက် ၉နာရီကနေ ၁၁နာရီခွဲအထိ ပြည်ပက ဝင်လာတဲ့ သူပုန်တွေနဲ့ မြန်မာ နယ်စပ်လုံခြုံရေး အဖွဲ့ဝင်တွေ နှစ်နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

မြန်မာ ဘင်္ဂလားဒက်ရှ် နယ်စပ် ခြံစည်းရိုး တလျှောက် ကနေ ဝင်လာတဲ့ Rohingya Solidarity Organization ( RSO ) ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေး အဖွဲ့က လက်နက်ကိုင်တွေနဲ့ မြန်မာ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အကြား အခုလို တိုက်ပွဲ ဖြစ်ခဲ့တာပါ။

အရင်ကလည်း နှစ်ဘက်အကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရမှုတွေ ရှိခဲ့ပါတယ်။

အခု ဖြစ်ခဲ့တဲ့ ထိပ်တိုက် ရင်ဆိုင်မှုအတွင်းမှာတော့ ထိခိုက် သေဆုံးမှု ရှိမရှိ အသေးစိတ် မသိရသေးပါဘူး။

အဖွဲ့ဝင်နဲ့ လက်နက် အင်အား သိပ်မရှိတဲ့ RSO သူပုန်တွေဟာ နယ်စပ်တလျှောက် နယ်စွန်နယ်ဖျား ဒေသတွေက လုံခြုံရေး အားနည်းတဲ့ နေရာတွေကို မကြာခဏ ဆိုသလို ဝင်တိုက်လေ့ ရှိပြီး မြန်မာ နယ်စပ် လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ထိပ်တိုက် ရင်ဆိုင်တွေ့တဲ့အခါမျိုးမှာ တိုက်ပွဲတွေ ဖြစ်လေ့ ရှိပါတယ်။

အရင်က ဘင်္ဂလားဒက်ရှ်နဲ့ မြန်မာအစိုးရအကြား လက်နက်ကိုင် သောင်းကျန်းသူ တွေကို နှိမ်နင်းဖို့ သဘောတူချက်တွေ ရှိခဲ့ပေမယ့် ဘင်္ဂလားဒက်ရှ်နိုင်ငံဘက်မှာ ခိုအောင်းနေတဲ့ RSO လက်နက်ကိုင်တွေ နယ်စပ် ဖြတ်ကျော်ပြီး မြန်မာနိုင်ငံ ဘက်ခြမ်းထဲ ခုလို မကြာခဏ ဝင်တိုက်နေတာနဲ့ ပတ်သက်လို့ ဘင်္ဂလားဒက်ရှ် အစိုးရဘက်က တစုံတရာ ဖြေရှင်းရမှုတွေ ရှိလာနိုင်တယ်လို့ ဘီဘီစီ သတင်းထောက် က သုံးသပ်ပါတယ်။