၁၉၆၂ခုနှစ်ကနေ ခုထိ နိုင်ငံရေးအကျဉ်းသားစာရင်းပြုစု

ဓာတ်ပုံ ရင်းမြစ်, aapp
၁၉၆၂ခုနှစ်ကနေ အခုချိန် အထိ နိုင်ငံရေး ပြစ်မှုတွေနဲ့ ထောင်ကျခဲ့ သူတွေရဲ့ စာရင်းကို နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက် ရေး အဖွဲ့ (AAPP) နဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့ (FPPS) အဖွဲ့တို့ ပူးပေါင်းပြီး နိုင်ငံတဝှမ်းမှာ ကောက်ယူနေပါတယ်။
ဒီက ရရှိတဲ့ အချက်အလက်တွေကို အခု နှစ်ကုန်မှာ ထုတ်ပြန်သွားဖို့ ရှိတယ်လို့လည်း AAPP အဖွဲ့က ပြောပါတယ်။
နှစ်ကာလ အပိုင်းအခြားနဲ့ နိုင်ငံရေး အကျဉ်းသား စာရင်းကို ဒီနှစ်ဆန်းပိုင်းက စပြီး AAPP နဲ့ FPPS အဖွဲ့တွေ က နိုင်ငံတဝှမ်း တပြိုင်နက်တည်း ကောက်ယူနေတာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
စာမျက်နှာ ၁၂ မျက်နှာ ရှိတဲ့ သတ်မှတ် ဖြည့်စွက်လွှာမှာ နိုင်ငံရေး အကျဉ်းသား တစ်ဦးချင်းစီက သူတို့ ထောင်ကျခဲ့တဲ့ အကြောင်းအရာ၊ ထောင်တွင်း အတွေ့အကြုံ၊ ထောင်က လွတ်လာပြီးနောက် လက်ရှိ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စတဲ့ အချက်အလက်တွေ ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။
လောလောဆယ်အထိ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကောက်ခံ ရရှိထားတဲ့ နိုင်ငံရေး အကျဉ်းသား အရေအတွက်က ၁၆၀ဝလောက် ရှိပြီး စာရင်း ကောက်ယူတာ ကိုတော့ နောက်၆လ အကြာမှာ အပြီးသတ်ဖို့ ရှိပါတယ်။
နိုင်ငံရေး အကျဉ်းသား စာရင်းကို ဒီနှစ်ကုန်မှာ ထုတ်ပြန်မှာ ဖြစ်ပေမယ့် ကောက်ခံ ရရှိထားတဲ့ အကျဉ်းသားတွေရဲ့ ကိုယ်ရေး စာရင်း အချက်အလက်တွေကို လျှို့ဝှက် ပေးထားမှာ ဖြစ်တယ်လို့ AAPP အဖွဲ့က ကိုအောင်မျိုးကျော်က ဘီဘီစီကို ပြောပါတယ်။
၁၉၆၂ခုနှစ်ကနေ အခုချိန် အထိ နိုင်ငံရေး ပြစ်မှုတွေနဲ့ ထောင်ချခံရတဲ့ နိုင်ငံရေးအကျဉ်းသားဦးရေဟာ ၇ထောင်ကနေ ၁သောင်းကြား ရှိနိုင်တယ်လို့ AAPP က ခန့်မှန်းထားပါတယ်။




