အပူချိန် မြင့်တက်လို့ လူသေဆုံးမှုတွေ ရှိနေ

ဓာတ်ပုံ ရင်းမြစ်, bbc
မြန်မာနိုင်ငံမှာ အပူချိန် မြင့်တက်လို့ လူတွေ သေဆုံးရတဲ့အထိ ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။
မြန်မာပြည်မှာ ၄၀ ဒီဂရီ စင်တီဂရိတ် ကျော်အောင် ပူနေတဲ့ နေရာတွေ ရှိနေပြီး အပူဒဏ် ကို နေရာအတော်များများမှာ ခံနေရပါတယ်။
ဒီနှစ် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသတွေ ဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းတွေမှာ ပုံမှန် အပူချိန်ရဲ့ အထက် ၆၀ ရာနှုန်းလောက်အထိ တိုးမယ်လို့ ခန့်မှန်းထားကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က ဘီဘီစီကို ပြောပါတယ်။
မော်လိုက်မြို့မှာဆို အပူချိန်ဟာ နှစ်၅၀ အတွင်း အမြင့်ဆုံး စံချိန်ကိုတောင် ချိုးထားပြီ လို့ ဆိုပါတယ်။
လေထဲမှာ ရေငွေ့ပါလာမယ်၊ အပူချိန်ကလည်း ရှိမယ်၊ စိုထိုင်းဆ များပြီး မိုးလည်း မရွာဘူး ဆိုရင်တော့ လူသေဆုံးနိုင်လောက်တဲ့အထိ အပူချိန် တက်သွားနိုင်တယ်လို့ သူက ရှင်းပြပါတယ်။
ဒီလို အပူချိန်မျိုးဟာ တိုင်းလို့ ရတဲ့ အပူချိန် မဟုတ်ပဲ "ခံစားရတဲ့ အပူချိန်" လို့ ခေါ်ပြီး အပူလျှပ်တဲ့ ဒဏ်ကို ကြုံရနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က ပြောပြပါတယ်။




