တိုင်းရင်းသားတွေ ဦးဝင်းတင်ကို ဘယ်လိုမြင်သလဲ

ဓာတ်ပုံ ရင်းမြစ်, Getty
သတင်းစာ ဆရာကြီး ဦးဝင်းတင်ဟာ တိုင်းရင်းသားတွေ လိုချင်တဲ့ နိုင်ငံရေး အခြေခံကို ကောင်းကောင်း နားလည်သူ ဖြစ်တယ်လို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC က ပြောပါတယ်။
မြန်မာ နိုင်ငံမှာ လက်ရှိ ဖြစ်နေတဲ့ အခြေ အနေကို ပကတိ အတိုင်း မြင်သူ၊ စစ်အာဏာရှင် စနစ်ရဲ့ ဆိုးကျိုးကို ကောင်းကောင်း သိရှိသူ ဖြစ်တယ်လို့ လည်း UNFC အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
အတွေ့အကြုံ ရင့်ကျက်သူ ခေါင်းဆောင် တစ်ယောက် အနေနဲ့ အခုလို ရပ်တည်ပြမှုက မြန်မာ့နိုင်ငံရေး အတွက်ရော တိုင်းပြည်ရဲ့ တာဝန်ကို ပုခုံးထမ်း လွှဲပြောင်းယူရမယ့် လူငယ်တွေ အတွက်ပါ စံနမူနာ ဖြစ်ခဲ့တယ်လို့ သူက ပြောပါတယ်။
နိုင်ငံသား တွေရဲ့တစ်ဦးချင်း လွတ်လပ်ခွင့်၊ ဒီမိုကရေစီ အခွင့် အရေး၊ အခြေခံ လူ့ အခွင့်အရေး တို့ကို ဖိနှိပ် ချုပ်ချယ်နေတဲ့ စစ်အာဏာရှင်မျိုး ထပ်မံ မပေါ်ပေါက်ဖို့နဲ့ လက်ငုပ် လက်ရင်း ရှိနေသေးရင်လည်း အကြွင်းမရှိ ဖျက်သိမ်း နိုင်ဖို့ တွေမှာ ဆရာကြီး ဦးဝင်းတင်ရဲ့ အတွေး အခေါ် အယူအဆတွေ ဆက်လက် ရှင်သန် နေလိမ့်မယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
စေ့စပ် ညှိနှိုင်းရာမှာ အပေးအယူ အလျှော့ အတင်း လုပ်ရမယ် ဆိုတာ မှန်ပေမဲ့ စွဲကိုင် ထားသင့်တဲ့ မူတွေကို လျှော့လို့ မဖြစ်တဲ့ အတွက် စစ်အာဏာရှင် စနစ်ကို ဖယ်ရှားပြီးမှသာ တိုင်းရင်းသား အခွင့် အရေးနဲ့ ဒီမိုကရေစီ အခွင့် အရေး အပြည့် အဝ ရရှိနိုင်မယ် ဆိုတဲ့ ဦးဝင်းတင်ရဲ့ ရပ်တည်ချက်က တိုင်းရင်းသား အရေး ဆွေးနွေးမှုမှာ မူဝါဒ အရ အကျိုး သက်ရောက်မှု ရှိတယ်လို့ လည်း သူက ပြောပါတယ်။




