ဂျာမနီ၊ ပြင်သစ် ခရီး ဒေါ်စု စတင်

Daw Aung San Suu Kyi is going to leave for Germany and France

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, ဂျာမနီနဲ့ ပြင်သစ် ခရီးစဉ်သွားမယ့် ဒေါ်အောင်ဆန်း စုကြည်ကို လေဆိပ်မှာ နှုတ်ဆက်ကြ

အန်အယ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ဗုဒ္ဓဟူးနေ့ ညပိုင်းကပဲ ဂျာမနီနဲ့ ပြင်သစ် နှစ်နိုင်ငံ ခရီးစဉ် အတွက် ရန်ကုန်ကနေ ထွက်ခွာ သွားခဲ့ပါပြီ။

ဂျာမန် သမ္မတရဲ့ ဖိတ်ကြားချက်နဲ့ ဂျာမနီ နိုင်ငံကို ပထမဆုံး သွားရောက်တဲ့ ဒီခရီးစဉ် အတွင်းမှာ ဒေါ်အောင်ဆန်း စုကြည်ဟာ ဂျာမနီ ဆိုရှယ် ဒီမိုကရက်တစ် ပါတီ SPD က အပ်နှင်းတဲ့ Willy Brandt ဆုကို လက်ခံယူမှာ ဖြစ်ပါတယ်။

သူ့ခရီးစဉ် အတွင်း ဂျာမနီ သမ္မတ၊ အစိုးရ အဖွဲ့၀င် ဝန်ကြီးတွေနဲ့ တွေ့ဆုံမယ့် အပြင် ဂျာမနီ နိုင်ငံ လွှတ်တော်ကို သွားရောက် လေ့လာဖို့ ရှိတယ်လို့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခရီးစဉ်မှာ လိုက်ပါသူ တစ်ယောက် ဖြစ်တဲ့ လွှတ်တော် အမတ် ဦးဖြိုးဇေယျာသော်က ဘီဘီစီကို ပြောပါတယ်။

ဂျာမနီ နိုင်ငံကို ပထမဆုံး သွားရောက်တဲ့ ခရီးစဉ်မှာ ကြာသပတေးနေ့ မနက် ဘာလင် မြို့တော်ကို ရောက်မှာ ဖြစ်ပြီး ပြင်သစ် နိုင်ငံကို ခရီးမဆက်မီ ဧပြီ ၁၄ ရက်နေ့ အထိ နေထိုင်မှာ ဖြစ်ပါတယ်။

ဂျာမနီရောက် မြန်မာ နိုင်ငံသားတွေ ကလည်း ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဖို့ ကြိုဆိုကြဖို့ ပြင်ဆင် နေကြ ပါတယ်။

တချို့က ဘာလင် လေဆိပ်မှာ စောင့်ကြိုကြမှာ ဖြစ်ပြီး တချို့ကတော့ ဒေါ်အောင်ဆန်း စုကြည် တည်းခိုမယ့် ဟိုတယ်ရှေ့ကနေ စောင့်ကြိုပြီး ပန်းစည်းတွေ ဆက်ကြမယ်လို့ ဘာလင်မြို့မှာ နေထိုင်တဲ့ မနီလာသော်က ပြောပါတယ်။

Willy Brandt ဆု အပ်နှင်းတဲ့ ပွဲကို တက်ရောက်ဖို့ မြန်မာ နိုင်ငံသားတွေ စာရင်း ပေးထားပြီး ဖြစ်ကြောင်းနဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံပွဲ အတွက် ဂျာမနီရောက် မြန်မာ မိသားစုတွေ စိတ်လှုပ်ရှား နေကြတယ် လို့လည်း သူက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်နဲ့ အတူ သူ့ရဲ့ ကိုယ်ရေး အရာရှိ ဒေါက်တာ တင်မာအောင်၊ အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦးတို့ လိုက်ပါ သွားကြပါတယ်။