လျှပ်စစ်မီတာခတိုးကောက်ဖို့လွှတ်တော်ထောက်ခံ

ဓာတ်ပုံ ရင်းမြစ်, bbc
မြန်မာနိုင်ငံ မှာ လာမယ့် ဧပြီလ ၁ ရက်၊ နေ့က စပြီး လျှပ်စစ်မီတာခ တိုးကောက်ရေး ကို ပြည်ထောင်စု လွှတ်တော် အစည်းအဝေး မှာ လွှတ်တော် အမတ် အများစုက ထောက်ခံလိုက် ကြပါတယ်။ ဓါတ်အား အသုံးများတဲ့ အိမ်ထောင်စု တွေ နဲ့ စီးပွားရေး လုပ်ငန်းရှင် တွေ ကတော့ မကျေနပ် ကြပါဘူး။
လျှပ်စစ်ဝန်ကြီး ဌာန က နှစ်စဉ် ဆိုသလို ဓါတ်အား ကို အရှုံးခံ ပြီးပေးနေရတဲ့ အတွက် အခုလို ဓါတ်အားခ တိုးကောက်မယ့် အစီအစဉ် ကို လွှတ်တော် အမတ် အများ စု က ထောက်ခံကြပုံ ကို အမျိုးသား လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင် က ဘီဘီစီ ကို ပြောပါတယ်။
လျှပ်စစ်မီတာခ ကို မတိုးဘူးဆိုရင် လျှပ်စစ်ဌာန ရဲ့ အရှုံး ကို နိုင်ငံတော် ဘဏ္ဍာထဲက ထုတ်ပေးရမယ့် အကြောင်း လည်း ပြောပါတယ်။ တိုးကောက်မယ့် မီတာခ နှုန်းထားက အိမ်သုံးမီတာ တယူနစ် ကနေ ယူနစ် ၁ဝဝ ကို ၃၅ ကျပ်နှုံး၊ ဒီကမှ တဆင့် ၅၀ ကျပ်အထိပေးဆောင်ရမှာ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းသုံး အတွက် ကတော့ တယူနစ် ကို ၇၅ ကျပ်ကနေ ၁၂၅ ကျပ် အထိ ရှိမှာပါ။
စက်မှုလုပ်ငန်းရှင်တွေ အနေနဲ့လည်းမီတာခ တက်ရင်၊ စရိတ် ကာမိဖို့ အတွက် ထုတ်ကုန်တွေ အပေါ် စျေးတင်ရဖို့သာ ရှိသလို၊ အလုပ်သမား လုပ်အားခ လည်း စဉ်းစားရတော့ မှာ ဖြစ်ကြောင်း၊ ဝယ်သူဘက် က စျေးကြီးလို့ ကုန်ပစ္စည်း ကို မဝယ်ရင်၊ စက်ရုံ လည်ပတ်ဖို့ မလွယ်ပုံ ကို ဒဂုံ ဆိပ်ကမ်း စက်မှုဇုံ လုပ်ငန်းရှင် က ဘီဘီစီ ကို ရှင်းပြပါတယ်။




