ကုမ္ပဏီတချို့ မှားယွင်း ဖော်ပြခဲ့မိလို့ အခွန်ဌာနဖြေရှင်း

ဓာတ်ပုံ ရင်းမြစ်, AFP
အခွန် ထမ်းဆောင်ဖို့ ပျက်ကွက်ခဲ့တဲ့ ကုမ္ပဏီ တစ်သောင်းကျော်စာရင်းမှာ အခွန်အခတွေ မထမ်းဆောင်ဘူးဆိုပြီး ကုမ္ပဏီကြီး တချို့ကို စာရင်း မှားယွင်း ဖော်ပြခဲ့တယ်လို့ ပြည်တွင်း အခွန်များဦးစီးဌာန၊ ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
ဒီစာရင်း အမှားကို မတ်လ(၇)ရက်နေ့မှာ ပြည်တွင်း အခွန်ဦးစီးဌာနက ထုတ်ပြန် လိုက်တာဖြစ်ပြီး အဲဒီထဲမှာ AGD Bank, Yoma Bank, Small & Medium Industrial Bank, A-1 Garment Co., Ltd, Korea Development Bank စတဲ့ လုပ်ငန်းတွေ ပါ၀င်တယ်လို့ ထုတ်ပြန် ထားပါတယ်။
တရား၀င်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ(၄)ပုံ(၁)ပုံရှိတဲ့ အထဲက ကုမ္ပဏီတစ်သောင်းကျော်ဟာ အခွန်မဆောင်ဘူးဆိုပြီး မကြာသေးမီက အခွန်ရုံးက ထုတ်ပြန်လိုက်တဲ့ စာရင်းက မှားယွင်းနေတယ်လို့ အခွန်ဦးစီးဌာနက ၀န်ခံလိုက်တာဖြစ်ပါတယ်။
ဒီကုမ္ပဏီတွေဟာ ကွန်ပြူတာစနစ် အမှားအယွင်းကြောင့် ရောထွေးဖော်ပြမိခဲ့တာဖြစ်တယ်ဆိုပြီး ကုမ္ပဏီများဆိုင်ရာအခွန်ရုံးက ဦးတင်ထွန်းနိုင်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ တောင်းပန်စကား ပြောခဲ့ပါတယ်။
အခွန်မဆောင်ဘူးလို့ ဖော်ပြခဲ့တဲ့ ဒီအမှားစာရင်းမှာ AGD Bank, Yoma Bank, Korea Development Bank စတဲ့ ကုမ္ပဏီပေါင်း (၁၅)ခုကနေ အခု (၅၀)လောက်အထိရှိနိုင် ပြီး ခုခါမှာတော့ အခွန်မဆောင်တဲ့ ကုမ္ပဏီစာရင်းကို ပြန်လည်ပြင်ဆင်ထားတယ်လို့ ညွှန်ကြားရေးမှူး ဦးတင်ထွန်းနိုင်က ဆိုပါတယ်။
အခွန်ရုံးရဲ့ စာရင်းအမှားနဲ့ ပတ်သက်တဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲကိုတော့ AGD ဘဏ်နဲ့ ရိုးမဘဏ်က တာ၀န်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။ သူတို့ဘဏ်တွေဟာ အမြဲအခွန်ထမ်းဆောင်နေပြီး တခါမှ ပျက်ကွက်ခဲ့ခြင်းမရှိ တာကို စစ်ဆေးနိုင်တယ်လို့ AGD ဘဏ် က အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းဦးက ပြောပါတယ်။
အခု နောက်ထပ် ထုတ်ပြန်လိုက်တဲ့ စာရင်းကို အမှားအယွင်းနည်းအောင် လုပ်ထားတယ်လို့ အခွန်ရုံးက ပြောပေမယ့် လူတွေကတော့ အခွန်ဌာနရဲ့ စာရင်းဇယားတွေဟာ ဘယ်လောက်မှန်မှန်ကန်ကန် ရှိမလဲဆိုတာနဲ့ ပတ်သက်ပြီး ေ၀ဖန်မှုတွေတော့ ရှိနေဆဲ ဖြစ်ပါတယ်။




