ရခိုင်ကလွဲလို့ တခြားဒေသတွေမှာ MSF ကို ဆက်လုပ်ခွင့်ပြု

ရခိုင်ဒေသမှာ MSF က ဘက်လိုက် ဆေးကုသ ပေးမှုတွေ ရှိနေတယ် ဆိုတဲ့ ဒေသခံ ရခိုင် လူမျိုးတွေရဲ့ စွပ်စွဲမှုတွေ ရှိနေ

ဓာတ်ပုံ ရင်းမြစ်, MSF

ဓာတ်ပုံ ပုံစာ, ရခိုင်ဒေသမှာ MSF က ဘက်လိုက် ဆေးကုသ ပေးမှုတွေ ရှိနေတယ် ဆိုတဲ့ ဒေသခံ ရခိုင် လူမျိုးတွေရဲ့ စွပ်စွဲမှုတွေ ရှိနေ

ရခိုင်ပြည်နယ်က လွဲရင် မြန်မာနိုင်ငံတွင်းက တခြားဒေသတွေမှာ MSF Holland ( AZG) နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ကို လုပ်ငန်း တွေ ဆက်ဆောင်ရွက်ခွင့် ပြုသွားမယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန် လိုက်ပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ MSF Holland ( AZG)က တာဝန်ရှိသူတွေ တွေ့ဆုံ ဆွေးနွေး ခဲ့အပြီး ရလာတဲ့ သဘောတူချက်တွေအရ အခုလို သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ဒုချီးရားတန်း ကျေးရွာ ပဋိပက္ခ ကိစ္စနဲ့ ပတ်သက်လို့ MSF Holland ( AZG ) အဖွဲ့က နိုင်ငံတကာ အသိုင်းအဝိုင်းဆီ မမှန်မကန် သတင်းတွေ ပေးခဲ့တယ် ဆိုပြီး ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၆ရက်နေ့က စလို့ အစိုးရနဲ့ MSF Holland (AZG) အဖွဲ့ အကြား နားလည်မှု စာချွန်လွှာ ရပ်နားဖို့ ဆုံးဖြတ်ခဲ့ပြီး ဖေဖေါ်ဝါရီလ ၂၈ရက် နေ့မှာတော့ ကျန်းမာရေး ဝန်ကြီးဌာနက တာဝန်ရှိ သူတွေနဲ့ MSF Holland (AZG) က တာဝန်ရှိသူတွေ တွေ့ဆုံ ဆွေးနွေးခဲ့ ကြတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင်း အေးချမ်းတည်ငြိမ်မှု ရှိလာတဲ့အခါ ကျန်းမာရေး စောင့်ရှောက်မှု တွေ ပြန်လည် ဆောင်ရွက်နိုင်ရေးကို စဉ်းစား ဆောင်ရွက်ပေး မယ်လို့လည်း ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။

MSF Holland ( AZG) အဖွဲ့ကတော့ သူတို့ ပေးနေတဲ့ အကူအညီတွေဟာ နိုင်ငံတကာ စံနှုန်းတွေ၊ ဆေးကုသမှု ဆိုင်ရာ ကျင့်ဝတ်တွေ အတိုင်း လူမျိုး ဘာသာ ကျားမ မခွဲပဲ ပေးနေတာ ဖြစ်ကြောင်းနဲ့ ရခိုင်ပြည်နယ်ထဲမှာ ငှက်ဖျား ရောဂါ ခံစားနေရသူပေါင်း တသန်းကျော်ကို ဆေးဝါး ကုသပေးခဲ့ကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ MSF Holland ( AZG) အဖွဲ့ရဲ့ လုပ်ငန်းတွေ ရပ်သွားပေမယ့် HIV/AIDS လူနာ အပါအဝင် ဆေးယဉ်ပါး TB ရောဂါသည် လူနာတွေ အတွက် MSF ကနေတဆင့် နိုင်ငံတကာ အလှူရှင်တွေ ဖြန့်ဖြူးပေးနေတဲ့ ဆေးဝါးတွေ အဆက်မပြတ် စေဖို့ ကျန်းမာရေး ဝန်ကြီးဌာနက တာဝန်ယူသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဒီကိစ္စတွေ ဆောင်ရွက်ဖို့ ကျန်းမာရေး ဝန်ကြီးဌာနက စီမံချက် အရာရှိတွေ ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ စစ်တွေမြို့ကို ရောက်ရှိလာပြီး အသေးစိတ် ညှိနှိုင်းမှုတွေ ဆောင်ရွက် နေတယ်လို့ သိရပါတယ်။